Connect with us

Politics, Law & Military

ဟောင်ကောင်က နယူးဇီလန်နိုင်ငံနှင့် တရားခံလွှဲပြောင်းရေး ၊ ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက်များကို ရပ်ဆိုင်း 

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)ရှိ Golden Bauhinia ရင်ပြင်အား ဇူလိုင် ၁၄ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရက နယူးဇီလန်နိုင်ငံနှင့်အတူ တရားခံလွှဲပြောင်းရေး နှင့် ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက်များကို ရပ်ဆိုင်းကြောင်း ဩဂုတ် ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းမှာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ဦးတည်လုပ်ဆောင်မှုအား ကန့်ကွက်ကြောင်း ထုတ်ဖော်ပြသမှုဖြစ်သည်။

ထိုသို့ သဘောတူညီမှု ရပ်ဆိုင်းကြောင်း အကြောင်းကြားစာတစ်စောင်ကို ဟောင်ကောင် (HKSAR) အစိုးရက နယူးဇီလန်ကောင်စစ်ဝန်ချုပ်ရုံးထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းရပ်ဆိုင်းမှုတွင် စွပ်စွဲချက်များ ရပ်တံ့ရန် နှင့် ပြစ်မှုရှိသူများ နှင့် အခြားသော နှစ်နိုင်ငံအကြား ရာဇဝတ်မှုဆိုင်ရာကိစ္စရပ်များတွင် နှစ်ဖက် ဥပဒေပိုင်းဆိုင်ရာ အပြန်အလှန်အကူအညီပေးရေးသဘောတူညီချက်များကို ရပ်ဆိုင်းရန် ပါဝင်ကြောင်း သိရသည်။

ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းလိုက်ခြင်းအပေါ် စွပ်စွဲချက်တစ်ခုနှင့်အတူ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးလွှဲပြောင်းပေးရေး သဘောတူညီချက်အား နယူးဇီလန်နိုင်ငံဖက်က တစ်ဖက်သတ် ရပ်ဆိုင်းလိုက်ပြီးနောက် ဟောင်ကောင်အစိုးရဖက်က ယခုကဲ့သို့ ရပ်ဆိုင်းမှု တုံ့ပြန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှု ဥပဒေပြဌာန်းချက်များသည် နိုင်ငံတကာ လက်တွေ့ကျင့်သုံးမှုတစ်ခုဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ နယူးဇီလန်နိုင်ငံ ကိုယ်၌ပင် ထိုကဲ့သို့သော ဥပဒေမျိုးပြဌာန်းထားကြောင်း နှင့် တရားဥပဒေစိုးမိုးရေးယန္တရားများတည်ဆောက်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံ၏ လုပ်ဆောင်ချက်များသည် နိုင်ငံရေးအရ လိုရာဆွဲ လုပ်ဆောင်မှု နှင့် စံနှုန်းနှစ်ခုထား လုပ်ဆောင်မှု ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုဖြစ်ကြောင်း နှင့် နိုင်ငံတကာ ဥပဒေ နှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နေကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

ဟောင်ကောင် အစိုးရအနေဖြင့် တရားစီရင်ရေးစနစ် ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံရေးအရ အသုံးချသည့် လုပ်ဆောင်ချက်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နှင့် နှစ်ဖက်အကြား အခြေခံ တရားစီရင်ရေးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေကြောင်း ၎င်းကဆိုသည်။

ဗဟိုအစိုးရ၏ အခွင့်အာဏာ နှင့် အားပေးထောက်ခံမှုဖြင့် ဟောင်ကောင်(HKSAR) အစိုးရသည် နှစ်ဖက် အပြန်အလှန် ရိုင်းပင်း ကူညီမှု နှင့် သံတမန်ဆိုင်ရာ အပြန်အလှန်ကျင့်သုံးမှု အခြေခံစည်းမျဉ်းစည်းကမ်းဖြင့် နယူးဇီလန်နိုင်ငံနှင့်အတူ ထိရောက်သော တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် အနီးကပ် ထိတွေ့ ဆောင်ရွက်မှု လုပ်ဆောင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

၎င်းက ဟောင်ကောင်အစိုးရအနေဖြင့် နှစ်ဖက်အပြန်အလှန် ရိုင်းပင်းကူညီမှု နှင့် သံတမန်ဆိုင်ရာ အပြန်အလှန်ကျင့်သုံးမှု စည်းမျဉ်းများကို အမြဲဆုတ်ကိုင်ထားမည်ဖြစ်ကြောင်း နှင့် ဥပဒေကြောင်းအရ နိုင်ငံတကာအသိုင်းအဝိုင်းရှိ အခြားသော အဖွဲ့ဝင်များနှင့်အတူ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဖြည့်စွက် ပြောကြားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.