Connect with us

Politics, Law & Military

အမေရိကန်ပိုင်မဟုတ်သော စီးပွားရေးလုပ်ငန်းများအပေါ် အနိုင်ကျင့်နေခြင်းကို ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ ပြောကြား

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့ရှိ အရောင်းဆိုင်တစ်ခုတွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သော Tik Tok အက်ပလီကေးရှင်းအား ဖုန်းမျက်နှာပြင်တွင် တင်ထားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

 

ပေကျင်း ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ)

ဈေးကွက်စီးပွားရေး စည်းမျဉ်းစည်းကမ်းများ နှင့် တံခါးဖွင့်ခြင်း ၊ ပွင့်လင်းမြင်သာခြင်း  နှင့် ခွဲခြားဆက်ဆံမှု မရှိခြင်း ဆိုင်ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်(WTO)၏ အခြေခံစည်းမျဉ်းများအား ချိုးဖောက်၍ အမေရိကန်ပိုင်မဟုတ်သော စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထား အနိုင်ကျင့်မှု ပြုလုပ်နေသည့် အမေရိကန်နိုင်ငံ၏ လုပ်ရပ်ကို တရုတ်နိုင်ငံက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်း က ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်သော ဗီဒီယိုမျှဝေခြင်း အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် TikTok နှင့်ပတ်သက်၍ ယင်းအက်ပလီကေးရှင်း(app) အား စက်တင်ဘာ ၁၅ ရက် မတိုင်မီ အမေရိကန်ကုမ္ပဏီတစ်ခုဆီသို့ အပြီးအပိုင် ရောင်းချခြင်း မပြုပါက TikTok ၏ စီးပွားရေးလုပ်ငန်းများကို ပိတ်ပစ်မည်ဆိုသည့် အမေရိကန်နိုင်ငံ၏ ထုတ်ပြန်ကြေညာချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်း အထက်ပါအတိုင်းမှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံတွင် TikTok ကစားနေသော ကလေးငယ်နှစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

“အမေရိကန်နိုင်ငံက အမျိုးသားလုံခြုံရေး အကြောင်းပြချက်နဲ့ ပြောနေပေမယ့် လက်ရှိအချိန်ထိ ဘာသက်သေအထောက်အထားမှ မရှိပါဘူး ။ အမေရိကန်အစိုးရဟာ အစိုးရ လုပ်ပိုင်ခွင့် အခွင့်အာဏာနဲ့ အမေရိကန်ပိုင်မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ပြုတ်ကျသွားအောင် လုပ်နေတာပါ။ အဲဒီအမူအကျင့်ဟာ  ဈေးကွက်စီးပွားရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ တံခါးဖွင့်မှု ၊ ပွင့်လင်းမြင်သာမှု နှင့် ခွဲခြားဆက်ဆံမှု မရှိစေရေး ဆိုင်ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်(WTO)ရဲ့ အခြေခံစည်းမျဉ်းတွေကို ဆန့်ကျင်နေပါတယ် ” ဟု ဝမ်က ဆိုသည်။

“ အဲဒါဟာ ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့်တဲ့ လုပ်ရပ်တစ်ခုပါပဲ ၊ တရုတ်နိုင်ငံက အဲဒီကိစ္စကို အပြင်းအထန်ကန့်ကွက်ပါတယ်။ အဲဒီလုပ်ရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းမှာရော ၊ အမေရိကန်နိုင်ငံထဲမှာပါ ဝေဖန်မှုတွေ သံသယတွေ ရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ သတိပြုမိပါတယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်သော TikTok အက်ပလီကေးရှင်းအား ဖုန်းမျက်နှာပြင်ပေါ်တွင် တွေ့ရစဉ်(ဆင်ဟွာ)

သက်ဆိုင်ရာ ဆက်စပ် ကုမ္ပဏီများအနေဖြင့် အမေရိကန်နိုင်ငံ၌ စီးပွားရေးလုပ်ကိုင်ချိန်တွင် ဈေးကွက်အခြေခံစည်းမျဉ်းများ ၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ နှင့် အမေရိကန်နိုင်ငံမှ ပြဌာန်းသော ဥပဒေများ နှင့် စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ကြောင်း ဝမ် က ဆိုသည်။

သို့သော်လည်း အမေရိကန်နိုင်ငံဘက်က မှားယွင်းသော အချက်အလက်များအပေါ် အခြေခံ၍ စွပ်စွဲမှုများဖြင့် ၎င်းတိုအပေါ် ကန့်သတ်မှုများ နှင့် ဖိနှိပ်မှုများကို လုပ်ဆောင်ခဲ့ကြောင်း ၊ မည်သည့်အမှားအယွင်းမှ မရှိခဲ့သော်လည်း နိုင်ငံရေးအရ လိုရာဆွဲ ပုံဖော် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

 “ မျှတသော ယှဉ်ပြိုင်မှု လို့ပြောနေတဲ့ အလိမ်အညာဇာတ်လမ်းတွေနဲ့ အမေရိကန်နိုင်ငံဟာ အမြဲတမ်း လိမ်ညာခဲ့သလို သူ့နိုင်ငံရဲ့ ဂုဏ်သတင်းနဲ့ပုံရိပ်ကို ဆိုးဆိုးရွားရွားပြန်ပြီး ဖျက်ဆီးနေတာပေါ့” ဟု ဝမ်က ပြောကြားခဲ့သည်။“ အကယ်၍ အမေရိကန်နိုင်ငံဟာ ဒီပုံစံအတိုင်း ဆက်သွားနေရင် ဘယ်နိုင်ငံမဆို အမျိုးသားလုံခြုံရေး အခင်းအကျင်းပေါ်ကနေ ဘယ်အမေရိကန် ကုမ္ပဏီကိုမဆို အလားတူ ဆန့်ကျင်တုံ့ပြန်မှုတွေ လုပ်လာကြမှာပါ ၊ အမေရိကန်နိုင်ငံဟာ ပန်ဒိုရာသေတ္တာ (Pandora’s Box) ကို လုံးဝ မဖွင့်ရပါဘူး ဒါမှမဟုတ် အဲဒီလိုမှ မဟုတ်ရင်တော့ အဲဒီအကျိုးဆက်ကို ကောင်းကောင်းခံစားရလိမ့်မယ်” ဟုဝမ်က ဆိုသည်။

“ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်တွင်းက အသံတွေကို အလေးအနက်ထား နားထောင်ဖို့ ၊ စီးပွားရေးကိစ္စတွေကို နိုင်ငံရေးအရ မလုပ်ဖို့ ၊ အမေရိကန်နိုင်ငံထဲမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ အခြားနိုင်ငံက ရင်နှီးမြှုပ်နှံသူ တွေကို တံခါးဖွင့်မှု ၊ မျှတမှု နဲ့ ခွဲခြားဆက်ဆံမှု မရှိတဲ့ ဈေးကွက် ယှဉ်ပြိုင်ကစားလို့ရမယ့် စီးပွားရေးပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးဖို့ အမေရိကန်နိုင်ငံကို ကျွန်တော်တို့တောင်းဆိုပါတယ် ။ ဒါမှသာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုပြီးမှန်မှန်ကန်ကန် လုပ်ဆောင်နိုင်မှာပါ” ဟု ၎င်းက ဆိုသည်။(Xinhua)