Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက C+C5 နိုင်ငံခြားရေးဝန်ကြီးများ ဗီဒီယိုအစည်းအဝေး တက်ရောက်

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက C+C5 နိုင်ငံခြားရေးဝန်ကြီးများ ဗီဒီယိုအစည်းအဝေး တက်ရောက်ကာ သဘာပတိအဖြစ်ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် ပထမအကြိမ် တရုတ်+အလယ်အာရှ (C+C5) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား ဇူလိုင် ၁၆ ရက်တွင် တက်ရောက်ကာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ အစည်းအဝေးသို့ ကာဇက်စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mukhtar Tleuberdi ၊ ကာဂျစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Chingiz Aidarbekov ၊ တာဂျစ်ကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sirojiddin Muhriddin ၊ တာ့ခ်မင်နစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Rashid Meredov နှင့် ဥဇဘက်စ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abdulaziz Kamilov တို့ တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံ အစိုးရအနေဖြင့် အလယ်အာရှနိုင်ငံများနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်ရန် အလေးထားကြောင်း ဝမ်က ပြောခဲ့သည်။ တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဘက်လုံး၏ ဘုံလိုအပ်မှုအပေါ် အခြေခံထားခြင်း ဖြစ်သည်။ “မည်သည့် တတိယအဖွဲ့အစည်းကိုမှ ရည်ရွယ်ထားခြင်းမရှိသလို ဒေသတွင်းရှိ နှစ်နိုင်ငံဆက်ဆံရေးများနှင့် နိုင်ငံစုံပါဝင်သော ပူးပေါင်းဆောင်ရွက်မှုကိုလည်း ထိခိုက်စေမှာမဟုတ်ပါဘူး” ဟု ဝမ်က ဆိုသည်။ 

ထို့ပြင် ဝမ်က COVID-19 ကပ်ရောဂါအား ပူးတွဲအနိုင်ယူရန်၊ စီးပွားရေးပြန်လည်နာလန်ထူရေး ပူးတွဲမြှင့်တင်ရန်၊ ဒေသတွင်း လုံခြုံရေး ထိန်းသိမ်းရန်နှင့် နိုင်ငံစုံပါဝင်သော ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးအတွက် အဆိုပြုခဲ့သည်။ 

အလယ်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံတို့သည် နိုင်ငံရေး ယုံကြည်ချက် အပြန်အလှန်မြင့်မားသည့် ရင်းနှီးသော အိမ်နီးချင်းများဖြစ်သလို အပြန်အလှန် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ COVID-19 အား ပြတ်သားထိရောက်စွာတုံ့ပြန်မှုသည် အသိအမှတ်ပြုလောက်ဖွယ် ရလဒ်များ ဖြင့် အောင်မြင်မှုရှိခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ဥပမာတစ်ခုဖြစ်စေကြောင်း၊ ၎င်းတို့အားလုံးအနေဖြင့် WHO ၏ အရေးပါသော အခန်းကဏ္ဍအား ဝိုင်းဝန်းထောက်ခံကာ ကပ်ရောဂါအပေါ် နိုင်ငံရေးအမြတ်ထုတ်မှုကို အခိုင်အမာ ကန့်ကွက်ကြောင်း ဝန်ကြီးငါးဦးက ပြောခဲ့သည်။ 

ထို့ပြင် အစည်းအဝေးတက်ရောက်ကြသည့် ဝန်ကြီးများက ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်နှင့် အလယ်အာရှနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာအကြား စုပေါင်းဆောင်ရွက်မှုကို ထောက်ခံအားပေးခဲ့ကြပြီး ၎င်းတို့အနေဖြင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန်အတွက် အသင့်ရှိပါကြောင်း အလေးထားပြောခဲ့သည်။ 

ယင်းအစည်းအဝေး၌ C+C5 နိုင်ငံခြားရေးဝန်ကြီးများ ဗီဒီယိုအစည်းအဝေး ပူးတွဲကြေညာချက်ကို သဘောတူလက်ခံကာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.