Connect with us

Politics, Law & Military

အခြေခံအခွင့်အရေး ရရှိခြင်း၊ ပရမ်းပတာဖြစ်မှုများကို အဆုံးသတ်ရန် နှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရန် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကတိပြု

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းအား ဆင်ဟွာသတင်းဌာနက ဇူလိုင် ၁၃ ရက်တွင် သီးသန့်တွေ့ဆုံမေးမြန်နေစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) 

ဟောင်ကောင်အထူးအုပ်ချုင်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး  ကယ်ရီလမ်း က ၎င်းအနေဖြင့် ပဋိပက္ခ နှင့် မငြိမ်သက်မှုများဖြစ်ပွားခဲ့သောနှစ်ကို ကျော်လွန်ပြီးနောက် ပြန်လည်နာလန်ထူရန်အတွက် ခွန်အားများနှင့် ကြိုးပမ်းအားထုတ်မှုများကို စုစည်းရန် ငွေကြေးအချက်အခြာတစ်ခုဖြစ်သော ဟောင်ကောင်ကို ဦးဆောင်သွားမည်ဟု ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။ 

“စိန်ခေါ်မှုအရှိဆုံး စမ်းသပ်မှုက  လာတော့မှာပါ” ဟု HKSAR အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှု ဥပဒေပြဌာန်းပြီး သီတင်းပတ်နှစ်ပတ်အကြာ ဆင်ဟွာသတင်းဌာန နှင့် သီးသန့်တွေ့ဆုံမေးမြန်မှုတွင် လမ်း က ပြောကြားခဲ့သည်။ 

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ဗဟိုအစိုးရရုံး ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံတော်အလံ လွှင့်တင်နေစဉ် (ဆင်ဟွာ)

ပြီးခဲ့သည့်နှစ်က ဟောင်ကောင် လူ့အဖွဲ့အစည်းအနေဖြင့် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” ကို နားလည်သဘောပေါက်ရန် အရေးတကြီးလိုအပ်နေသည်ကို သက်သေပြခဲ့ပြီးဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။ 

“လာမယ့်နှစ်နှစ်တာအတွင်း ကျွန်မအလုပ်ရဲ့ ဦးတည်ချက်ကတော့ ပရမ်းပတာဖြစ်မှုတွေကို အဆုံးသတ်ဖို့နဲ့ အခြေခံအခွင့်အရေးတွေ ရရှိဖို့အတွက် တရားဥပဒေစိုးမိုးရေး ပြန်လည်ဆောင်ရွက်သွားဖို့ပါပဲ ” ဟု လမ်း က ဆိုသည်။ 

ဥပဒေ နှင့် တရားဥပဒေစိုးမိုးရေး 

တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုလွှတ်တော်က အတည်ပြုခဲ့ပြီး ဇွန် ၃၀ ရက်က HKSAR တွင် ပြဌာန်းခဲ့သော ဥပဒေသစ်သည် ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းရန်နှင့် ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြန်လည်ဆောင်ကြဉ်းရန် အရေးပါပြီး ဥပဒေက “အချိန်မီနှင့် လိုအပ်မှု” ဖြစ်ကြောင်း လမ်း က ဆိုသည်။ 

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ ဗစ်တိုးရီးယားဆိပ်ကမ်း ညဘက်မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်သည် ၂၀၁၉ ခုနှစ် ဇွန်လမှစတင်ကာ ကြာရှည်စွာဖြစ်ပေါ်ခဲ့သော လူမှုရေး အနှောင့်အယှက်အဟန့်အတားများ ကြုံတွေ့ခဲ့ရပြီး တရားမဝင်နှင့် အကြမ်းဖက်မှုဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည့် လူစုလူဝေးနှင့် ဆန္ဒပြမှုပေါင်း ၁,၄၀၀ ကျော် ဖြစ်ပွားခဲ့သည်။ 

“ဟောင်ကောင်ပြည်သူတွေက သူတို့အသားကျပြီးသားနေရာမှာ ကြာကြာရှိနေမနေနိုင်ခဲ့ဘူး” ဟု လမ်း က ဆိုသည်။ ဟောင်ကောင်တွင် ဖြစ်ပွားခဲ့သည့် ၎င်းသက်ရောက်မှုသည် အလွန်ကြီးမား ရှည်ကြာကြောင်းနှင့် ၎င်းအနေဖြင့် အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း အခက်ခဲဆုံး စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ကြောင်း လမ်း က မှတ်ချက်ပြုပြောကြားခဲ့သည်။ 

ဥပဒေက နေရာတကျဖြစ်လာသဖြင့် ယင်းသည် ဥပဒေကို တင်းကျပ်စွာ အာဏာတည်စေရန်နှင့် ဥပဒေချိုးဖောက်သူ မည်သူ့ကိုမဆို တရားဥပဒေအရ အရေးယူရန် HKSAR အစိုးရ၏ တာဝန်ယူမှု အပိုင်းဖြစ်လာကြောင်း လမ်း က ဆိုသည်။ 

ပြီးခဲ့သည့်နှစ်အတွင်း တရားဥပဒေစိုးမိုးရေးသည် လူမှုရေးမငြိမ်သက်မှုအကြား ချိနဲ့သက်ဆင်းခဲ့ရသည်။ အချို့ပညာတတ်များက တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အမည်ခံတရားမျှတမှု ရရှိရေးအတွက် ဥပဒေချိုးဖောက်နိုင်ကြောင်း ဆွယ်တရားဟောခဲ့သဖြင့် လမ်းပေါ်ထွက်လာသည့် ငယ်ရွယ်သူအရေအတွက်မှာ တိုးပွားလာခဲ့ကာ အကြမ်းဖက်အပြုအမူများ ကျူးလွန်ခဲ့ကြသဖြင့် ဖမ်းဆီးခြင်းနှင့် တရားစွဲဆိုခြင်း များ ခံခဲ့ကြရသည်။ 

ပရမ်းပတာဖြစ်မှုအခြေအနေသည် မုချပြောင်းလဲရမည်ဟု လမ်း က ဆိုသည်။ အမျိုးသားလုံခြုံရေးကို ကာကွယ်ခြင်း နှင့် ဥပဒေ လေးစားလိုက်နာခြင်းဖြင့် ပြည်သူများ၏ အသိစိတ်ကို မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများ ပိုမိုလုပ်ဆောင်ရန်နှင့် အမျိုးသားလုံခြုံရေး၏ အရေးပါပုံကို ပြည်သူများအား ပိုမိုကောင်းမွန်စွာ ရှင်းလင်းပြနိုင်ရန် လမ်း က ကတိပြုခဲ့သည်။ 

မလိုလားအပ်သော စိုးရိမ်ပူပန်မှုများ

အမျိုးသားလုံခြုံရေးဥပဒေသည် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” စည်းမျဉ်းကို ဆန့်ကျင်သည်ဟူသော စွပ်စွဲမှုများကို တုံ့ပြန်ရာတွင် လမ်း က ယင်းသည် တခြားစီဖြစ်ကြောင်း၊ ဗဟိုအစိုးရက “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” စည်းမျဉ်းကို  လေးစားကြောင်းနှင့် HKSAR ကို ယုံကြည်မှုရှိကြောင်း ဥပဒေက ပြသနေသည်ဟု ဆိုသည်။ 

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းအား ဆင်ဟွာသတင်းဌာနက ဇူလိုင် ၁၃ ရက်တွင် သီးသန့်တွေ့ဆုံမေးမြန်နေစဉ် (ဆင်ဟွာ)

ဥပဒေသည် နိုင်ငံနှင့် ပြည်သူ ၁.၄ ဘီလီယံ၏ အမျိုးသားလုံခြုံရေးအတွက် အရေးပါကြောင်းနှင့် ဥပဒေထိန်းသိမ်းမှုကိုလည်း HKSAR ကို အပြည့်အဝအပ်နှင်းထားသည်ဟု လမ်း က ဆိုသည်။ “ ကွဲပြားခြားနားမှုက အမေရိကန်နိုင်ငံအနေနဲ့ နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် မြို့တစ်မြို့ရဲ့ အမျိုးသားလုံခြုံရေးကို ကိုင်တွယ်ပိုင်ခွင့်အာဏာကို အပ်နှင်းနိုင်ပါသလား။ မဖြစ်နိုင်ပါဘူး” 

“ဗဟိုအစိုးရက ကြီးမားတဲ့ တာဝန်ယူမှုနဲ့အတူ အာဏာအပ်နှင်းခြင်းဖြင့် ကျွန်မတို့က ဥပဒေကို သေချာအောင်လုပ်ပြီး ကောင်းကောင်း အကောင်အထည်ဖော်နေပါတယ်” ဟု လမ်း က ပြောခဲ့သည်။ 

ပြီးခဲ့သည့်နှစ် လူမှုရေးမငြိမ်မသက် ဖြစ်ပွားမှုစတင်ကတည်းက အနောက်နိုင်ငံများအနေဖြင့် ဟောင်ကောင်အရေးတွင် ဝင်ရောက်စွက်ဖက်မှုများ တိုးမြှင့်လာခဲ့သည်။ အမေရိကန်နိုင်ငံကမူ ၎င်းတို့အမည်ပေးထားသည့် “ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အက်ဥပဒေ” ကို ဇူလိုင် ၁၅ ရက်က ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့ကာ ဟောင်ကောင်အပေါ်  ကန့်သတ်ပိတ်ဆိုမှုများ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ခဲ့သည်။ 

အမေရိကန်နိုင်ငံ အစိုးရနှင့် လွှတ်တော်အနေဖြင့် နိုင်ငံတကာ အခြေခံစံနှုန်းများကို ချိုးဖောက်ခြင်းအတွက် လမ်း က ပြစ်တင်ရှုတ်ချခဲ့ပြီး ပိတ်ဆို့မှုကိုလည်း ကြောက်ရွံ့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

ကမ္ဘာ့ငွေကြေးဗဟိုချက်တစ်ခုအဖြစ် ဟောင်ကောင်၏ အနေအထားသည် အမေရိကန်နိုင်ငံက ထောက်ပံ့ပေးထားခြင်းမဟုတ်ကြောင်းနှင့် ငွေကြေးပိတ်ဆို့မှုများကြောင့် ဟောင်ကောင်ကိုသာမက အမေရိကန် ကုမ္ပဏီများကိုပါ ထိခိုက်စေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

အမေရိကန်နိုင်ငံသည် ဟောင်ကောင်နှင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံနီးပါး ကုန်သွယ်မှုတန်ဖိုး ရှိနေပြီး အမေရိကန် ငွေကြေးအဖွဲ့အစည်းများအနေဖြင့်လည်း ဟောင်ကောင်၏ ရှယ်ယာဈေးကွက်တွင် ကြီးမားသော အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လျက်ရှိနေသည်။

အမေရိကန်က ဟောင်ကောင်ရှိ ပြည်သူများ၏ ယုံကြည်မှုကို ကိုင်လှုပ်ရန် ပိတ်ဆို့မှုများကို အသုံးပြု၍ ကြိုးပမ်းစဉ်အတွင်း အမျိုးသားလုံခြုံရေးဥပဒေက ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုကို ပြန်လည်စုစည်းခိုင်မာစေမည်ဟု လမ်း က ပြောခဲ့သည်။ 

“အချိန်တွေကြာလာရင် ပြည်ပရင်းနှီးမြှုပ်နှံသူတွေရော ဟောင်ကောင်ဒေသခံတွေပါ ဘာမှစိုးရိမ်စရာမလိုဘူးဆိုတာကို တွေ့ရှိသွားပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။ 

အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိခြင်း

COVID-19 ရောဂါကူးစက်မှု မြင့်တက်လာခြင်း နှင့် လူမှုရေး အနှောင့်အယှက်အဟန့်အတားများရှိခြင်းတို့ကြောင့် ဟောင်ကောင်၏ ယခုနှစ် ပထမ လေးလတာ ကာလတွင် ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) သည် နှစ်စဉ်တိုးတက်မှုပမာဏအောက် ကိန်းဂဏန်း နှစ်ခုစာ  ၈.၉ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့ပြီး မတ်လ မှ မေလအတွင်း အလုပ်လက်မဲ့နှုန်းသည် ၁၅ နှစ်တာ ကာလအတွင်း အမြင့်ဆုံးအဖြစ် ၅.၉ ရာခိုင်နှုန်းအထိ ရောက် ရှိခဲ့သည်။

သို့သော်လည်း အုပ်ချုပ်ရေးမှူးလမ်းက ဟောင်ကောင်၏ အနာဂတ်မြင်ကွင်းအပေါ် မြင့်မားစွာ အကောင်းဘက်က ရှုမြင်နေပြီး အခွင့်အလမ်းများသည် ဆုံးရှုံးပျောက်ကွယ်သွားမည်မဟုတ်ကြောင်း ယုံကြည်ထားသည်။

“ကျွန်မတို့ဟာ ပထမဦးစွာ တစ်နိုင်ငံ၊ စနစ်နှစ်မျိုး အဓိက လမ်းကြောင်းပေါ်မှာရှိနေတယ်၊ ဒုတိယအနေနဲ့ လွတ်လပ်တဲ့တရားစီရင်ရေးစနစ် ရှိပါတယ်၊ ပြီးတော့ ပြည့်စုံလုံလောက်တဲ့ စီးပွားရေးပတ်ဝန်းကျင်ကောင်းတစ်ခုရှိနေပါတယ်” ဟု လမ်းက ဆိုသည်။ “ ဟောင်ကောင်(HKSAR) အစိုးရရဲ့ မဟာဗျူဟာက ကျွန်မတို့ဆက်ခံရရှိတဲ့အခွင့်အလမ်းကောင်းတွေကို ကာကွယ်ထိန်းသိမ်းသွားဖို့နဲ့ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ အချိန်ကောင်းကို စောင့်ဆိုင်းဖို့ပါပဲ” ဟု ဆိုသည်။

ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော် ဧရိယာ မှသည် ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက် နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်ရေးအထိ “ အဲဒီအရာတွေအားလုံးဟာ နိုင်ငံတကာငွေကြေးဆိုင်ရာ ဗဟိုချက်နေရာဖြစ်တဲ့ ဟောင်ကောင်မှာ ဝန်ဆောင်မှုလုပ်ငန်း ထောက်ပံ့ပေးသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ကြီးမားတဲ့ အခွင့်အရေး များစွာကို ယူဆောင်ပေးပါလိမ့်မယ် ” ဟု လမ်း ကဆိုသည်။

လမ်းက ဟောင်ကောင်အနေဖြင့် မဟာပင်လယ်အော်ဧရိယာအတွင်းရှိ အခြားသောမြို့ကြီးများမှ လူငယ်စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် နှင့် တီထွင်ဖန်တီမှုများအတွက် ယင်း၏ ခွန်အားများကို အပြည့်အဝ အသုံးချရန် ကမ်းလှမ်းမှုနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  “မဟာပင်လယ်အော်ဧရိယာမှာ အနည်းဆုံး ဟောင်ကောင် တက္ကသိုလ် သုံးခု သို့မဟုတ် လေးခု အတွက် ကျောင်းပရဝဏ်သစ်တွေကို တည်ဆောက်သွားမှာပါ” ဟု ဆိုသည်။

ဟောင်ကောင်သည် တရုတ်နိုင်ငံပြည်မကြီး၏ ရန်ပုံငွေရှာဖွေရေးလှုပ်ရှားမှုများအတွက် အရေးကြီးသော ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်ပေးနေပြီး တရုတ်ငွေကြေး (ရင်မင်ဘီ)၏ ပင်လယ်ရပ်ခြား အသုံးပြုရာနေရာတစ်ခုနှင့် ပညာရေး နှင့် ကျန်းမာရေးအတွက် အမြင့်ဆုံး အရည်အသွေးဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးနေသော နေရာတစ်ခုဖြစ်ကြောင်းလည်း လမ်းက ရှင်းပြခဲ့သည်။

နိုင်ငံရေး အဟန့်အတား

အမျိုးသားဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများကို တိုးချဲ့ဖော်ထုတ် လုပ်ကိုင်ဆောင်ရွက်နေစဉ်အတွင်းမှာပင် ဟောင်ကောင်သည် ၎င်းကိုယ်တိုင် နက်ရှိုင်းစွာအမြစ်တွယ်နေသောပြဿနာရပ်များကို ဖြေရှင်းသွားရန်လည်း လိုအပ်သည်။

၂၀၁၇ ခုနှစ်တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးရာထူး စတင်လက်ခံချိန်မှစတင်ကာ လမ်းသည် ဟောင်ကောင်၏ဖွံ့ဖြိုးတိုးတက်ရေး လမ်းကျဉ်းလေးပေါ်တွင် လျှောက်လှမ်း လုပ်ကိုင်ဆောင်ရွက်ခဲ့သလို ခွန်အားသစ်များကို ယူဆောင်ပေးနေသည်။ ပြီးခဲ့သော အောက်တိုဘာတွင် ၎င်း၏ နောက်ဆုံးထုတ်ပြန်ခဲ့သော နောက်ဆုံးပေါ် မူဝါဒဆိုင်ရာ ထုတ်ပြန်ကြေညာချက်များတွင် ၎င်းအနေဖြင့် အိမ်ယာတည်ဆောက်ခြင်း ၊ မြေယာဖော်ထုတ်ခြင်း ၊ ပြည်သူများ၏ လူမှုဘဝမြှင့်တင်ပေးခြင်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်း တို့ကို လုပ်ကိုင်ဆောင်ရွက်သွားမည့်အကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သို့ရာတွင် အတိုက်အခံ ဥပဒေပြုအမတ်များက ပြည်သူများ၏ ကောင်းမွန်သော လူမှုဘဝ စီမံဆောင်ရွက်ပေးမှုများကို တစ်ဖက်လှည့်ဖြင့် နိုင်ငံရေးပြဿနာရပ်တစ်ခုထဲသို့ ဆွဲသွင်းခဲ့သည်။ 

မြေယာဖော်ထုတ်ရေးစီမံကိန်းတစ်ခု အပါအဝင် အစိုးရ၏ဖွံ့ဖြိုးရေးအဆိုပြုချက်များစွာသည် အနှောင့်အယှက်အဟန့်အတားများဖြင့် ကြုံတွေ့ခဲ့ရကြောင်း လမ်းက ပြောကြားခဲ့သည်။ “ ဟောင်ကောင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်သူတွေက နှောင့်ယှက်ဟန့်တားနေလဲ ပြည်သူတွေက ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မယ်ဆိုတာ ကျွန်မမျှော်လင့်ပါတယ်”။

လမ်းက ရှေ့ဆက်၍ အကြောင်းအချင်းအရာ များစွာတွင် အောင်မြင်မှုရရန် ၎င်းအနေဖြင့် ဆုမွန်ကောင်း တောင်းကြောင်း ဆိုသည်။ “ အိမ်တွေပိုဆောက်မယ် ၊ မြေယာတွေပိုဖော်ထုတ်မယ် ၊ ဆက်သွယ်ရေး နဲ့ ပညာရေးကို မြှင့်တင်မယ် ၊ အနုပညာနဲ့ယဉ်ကျေးမှုကို တွန်းအားပေးမယ် ၊ ဒီလိုကြုံတွေ့လာမယ့် ကိစ္စရပ်အားလုံးကို တွန်းတွန်းတိုက်တိုက် ရှေ့ဆက် လုပ်ဆောင်သွားဖို့ မျှော်လင့်ပါတယ်” ဟု ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဆိုသည်။  (Xinhua)