Social, Education & Health
တရုတ်နိုင်ငံမှ ကမ္ဘာ့ပထမဆုံး 3D သွေးကြောမျှင် ဇီဝ ပုံနှိပ်စက်အား တီထွင် ထုတ်လုပ်
ချန်ဒူး၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ် ဇီဝ နည်းပညာဆိုင်ရာ ကုမ္ပဏီတစ်ခုက ကမ္ဘာ့ပထမဆုံး 3D သွေးကြောမျှင် အသစ်ပြုလုပ်သော ဇီဝ ပုံနှိပ်စက်အား တီထွင် ထုတ်လုပ် နိုင်ခဲ့ကြောင်း အောက်တိုဘာ ၂၅ ရက် တွင် ကြေညာခဲ့ပြီး အဆိုပါ ပုံနှိပ်စက်ကို အသုံးပြု၍ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို ထုတ်လုပ် လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၏ မြို့တော် ချန်ဒူး အခြေစိုက် စီချွမ်း ရီဗိုတက် ကုမ္ပဏီက အဆိုပါ တီထွင်မှု သည် ၎င်း၏ ကိုယ်တိုင်ဖွံ့ဖြိုးနိုင်သော ပင်မဆဲလ် ဇီဝ-မင် နည်းပညာ၊ 3D ဇီဝ ပုံနှိပ်စက် နှင့် Cloud ကွန်ပြူတာ စနစ် များမှ တစ်ဆင့် ဖန်တီး နိုင်ခဲ့ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာ့ပထမဆုံး 3D သွေးကြောမျှင် ဇီဝ ပုံနှိပ်စက် အား တီထွင် ဖန်တီးနိုင်မှုသည် ကုမ္ပဏီ၏ ပင်မ ဆဲလ် အခြေခံ 3D ပုံနှိပ်နည်းပညာ ဆိုင်ရာ တွင် ပိုင်နိုင် ကျွမ်းကျင်မှုကို ပြသနိုင်ခဲ့ခြင်း ဖြစ်ကြောင်း စီချွမ် လန်ကွမ်း ဖွံ့ဖြိုးရေး ကုမ္ပဏီ ဥက္ကဋ္ဌ ရန်ခမ်းမှ ပြောကြားခဲ့သည်။ ရီဗိုတက် ကုမ္ပဏီ သည် စီချွမ် လန်ကွမ်း ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီခွဲ တစ်ခုဖြစ်ကြောင်း သိရသည်။
ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းများ သို့ အာဟာရဓါတ်များ ပို့ဆောင်ပေးသည့် သွေးကြောမျှင်များသည် အင်္ဂါ အစိတ်အပိုင်းများ ဖန်တီးရာတွင် မရှိမဖြစ်လိုအပ်သည့် အခြေခံ ပစ္စည်းများဖြစ်ကြောင်း ယင်း ပရိုဂရမ် ခေါင်းဆောင် ဂျိမ်းခန်၏ ပြောကြားချက်အရ သိရသည်။
ခန်၏ အဖွဲ့သည် “ဘိုင်အိုစန်စပီးယား” အမျိုးအစား ဇီဝ-မင် ကိုလည်း တီထွင် ဖန်တီးနိုင်ခဲ့ပြီး ၎င်း၏ အဓိက ရည်ရွယ်ချက် မှာ အင်္ဂါ အစိတ် အပိုင်းများ အသစ် ဖြစ်ပွားလာစေရန် လမ်းကြောင်း ပေးနိုင်သည့် ကိုယ်ပိုင် ပင်မ ဆဲလ် အား ဇီဝ-ပုံနှိပ်နည်းဖြင့် ထုတ်လုပ်ရန် ဖြစ်ကြောင်း သိရသည်။
ခန်မှ ၎င်းတို့ အဖွဲ့သည် 3D ဇီဝ ပုံနှိပ်စက်၊ ဘိုင်အိုစန် စပီးယား နည်းပညာ နှင့် Cloud ကွန်ပြူတာ စနစ် အခြေပြု သတင်း အချက်အလက်များကို အသုံးပြု၍ သွေးကြောမျှင် အသစ် ထုတ်လုပ်နိုင်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကုမ္ပဏီမှ အဆိုပါ အောင်မြင်မှုနှင့် ပတ်သက်၍ ကျွမ်းကျင်မှုများ ပိုမို ဖြည့်စွက်ရန်နှင့် နိုင်ငံတကာမှ ပူးပေါင်း ဆောင်ရွက်လို သူများကို ရှာဖွေရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)