Sport
တရုတ်နိုင်ငံက အွန်လိုင်းဂိမ်းများအတွက် အထောက်အထားပြသသည့်စနစ်ကို စတင်ဆောင်ရွက်မည်

ရှန်ဟိုင်း ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံက ဆယ်ကျော်သက်လူငယ်များအကြား ဂိမ်းစွဲလမ်းခြင်းကို ကာကွယ်တားဆီးရန် စက်တင်ဘာလမတိုင်မီ အွန်လိုင်းဂိမ်းများအတွက် နာမည်စစ်မှန်ကြောင်း အထောက်အထားပြသသည့် စနစ်တစ်ခုကို စတင်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပြည်သူ့ဆက်ဆံရေးဌာနမှ အရာရှိတစ်ဦး ဖြစ်သူ ဖန်ရှီးရှင်းက ဂိမ်းကုမ္ပဏီများသည် ယင်းစနစ်ကို စတင်ပြီးနောက် ပူးပေါင်းပါဝင်ရမည် ဖြစ်ကြောင်း ရှန်ဟိုင်းမြို့၌ ဇူလိုင် ၃၀ ရက်တွင် ပြုလုပ်သော ChinaJoy ပြပွဲ၏ဖိုရမ်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အနေဖြင့် အွန်လိုင်းဂိမ်းများတွင် ဆယ်ကျော်သက်လူငယ်များ၏ စွဲလန်းမှု နှင့် အလွန်အကျွံဆော့ကစားခြင်းများ နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု များပြားလာခြင်းကြောင့် အမျိုးသားအဆင့် နာမည်စစ်မှန်ကြောင်း အထောက်အထားပြသသည့် စနစ်တစ်ခုကို တည်ဆောက်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဂိမ်းဈေးကွက်ကြီး ဖြစ်ပြီး စာရင်းအချက်အလက်များအရ ယင်းဈေးကွက်ပမာဏသည် ၂၀၁၈ ခုနှစ်တွင် ယွမ် ၂၃၁ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၆ ဘီလီယံခန့်) ရှိကြောင်း ၊ ၂၀၂၀ ခုနှစ်တွင် ယွမ် ၃၀၀ ဘီလီယံ နှင့် ၂၀၂၁ ခုနှစ်တွင် ယွမ် ၃၂၁ ဒသမ ၇ ဘီလီယံသို့ ရောက်ရှိလာရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)