ASEAN
သီရိလင်္ကာ နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် အောင်မြင်မှု ရရှိခဲ့ခြင်းအပေါ် လေးစားမိကြောင်း ပြောကြား
ကိုလံဘို ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)
သီရိလင်္ကာ နိုင်ငံ သမ္မတ Gotabaya Rajapaksa က သီရိလင်္ကာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ရရှိခဲ့သည့် အောင်မြင်မှု နှင့် ပတ်သက်၍ လွန်စွာ လေးစားမိပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ဦးဆောင်ဦးရွက်မှု ကို ခိုင်မြဲစွာ ထောက်ခံသွားမည် ဖြစ်ကြောင်း ဧပြီ ၂၉ ရက်တွင် ပြောကြား ခဲ့သည်။
သီရိလင်္ကာ နိုင်ငံ သမ္မတ Gotabaya Rajapaksa က သီရိလင်္ကာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယာယီတာဝန်ခံ ဟူဝေ အား တွေ့စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး သီရိလင်္ကာ-တရုတ် နှစ်နိုင်ငံ ကပ်ရောဂါ အတူတကွ တိုက်ဖျက်ရေး ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု တို့နှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ Rajapaksa က သီရိလင်္ကာ နိုင်ငံ အနေဖြင့် မည်သည့် အချိန်မှ သီရိလင်္ကာ နိုင်ငံ ပြည်တွင်းစစ် ဖြစ်ပွားချိန် ၊ ပြည်တွင်းစစ်အပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ဆောင်ရွက်ချိန် နှင့် ဆူနာမီ အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ချိန်များတွင် တရုတ် နိုင်ငံ မှ ပေးအပ်ခဲ့သည့် ကြီးမားသည့် ကူညီထောက်ပံ့မှုများကို မမေ့ခဲ့ကြောင်း ၊ သီရိလင်္ကာ နိုင်ငံ အနေဖြင့် ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် တရုတ် နိုင်ငံ မှ ရက်ရက်ရောရော ကူညီထောက်ပံ့မှုများ အပေါ် လွန်စွာ ကျေးဇူးတင်လိုပြီး တရုတ် နိုင်ငံ နှင့် ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ပိုမို ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ၊ ထို့ပြင် သီရိလင်္ကာ နိုင်ငံ စီးပွားရေး ပြန်လည်ထူထောင်ရေး နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး တွင် တရုတ် နိုင်ငံ ၏ ပိုမို ထောက်ခံအားပေးမှု ကို မျှော်လင့်ပြီး ကပ်ရောဂါ အပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး ကို ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။
ဟူဝေ က တရုတ် နိုင်ငံ အနေဖြင့် သီရိလင်္ကာ နိုင်ငံ နှင့် ဆက်ဆံရေး အား လွန်စွာ အလေးထားပြီး တရုတ် နိုင်ငံ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်တွင် သီရိလင်္ကာ နိုင်ငံ ၏ ထောက်ခံအားပေးမှု အပေါ် ကျေးဇူးတင်လိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ သီရိလင်္ကာ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် အစွမ်းကုန် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ကို အခြေခံ၍ နှစ်နိုင်ငံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့ကာ အတူတကွ အခက်အခဲများအား ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)