CHINA
တရုတ်နိုင်ငံက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအား ဆော်ဒီအာရေဗျနိုင်ငံသို့ စေလွှတ်
ရင်ချွမ်း ၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ တစ်ဖွဲ့အား ဆော်ဒီအာရေဗျနိုင်ငံသို့ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားမှုအား ဆန့်ကျင်တိုက်ဖျက်ရာတွင် ကူညီရန် စေလွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဖွဲ့တွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ရှစ်ဦး ပါဝင်ခဲ့ပြီး တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ မြို့တော် ရင်ချွမ်းမြို့မှ ဧပြီ ၁၅ ရက် နံနက်ပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် နိုင်ငံ နှင့် ဒေသ အဆင့် နှစ်ခုလုံးရှိ ရောဂါကာကွယ်တားဆီးရေး နှင့် ထိန်းချုပ်ရေး စင်တာများ နှင့် နင်းရှဒေသရှိ ဆေးရုံများမှ ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်း ၊ ကူးစက်ရောဂါ ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ၊ အထူးကြပ်မတ်စောင့်ရှောက်မှု နှင့် တရုတ်ရိုးရာ တိုင်းရင်းဆေးဝါး အပါအဝင် နယ်ပယ်အသီးသီးတွင် အထူးကျွမ်းကျင်သူများ ဖြစ်ကြကြောင်း သိရသည်။
အဆိုပါ ကျွမ်းကျင်ပညာရှင်များသည် ဒေသဆိုင်ရာ အစိုးရ အဖွဲ့မှ လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများ ၊ N95 နှာခေါင်းစည်းများ ၊ အကာအကွယ် ဝတ်စုံများ ၊ nucleic acid စမ်းသပ်ကိရိယာများ နှင့် အနီအောက်ရောင်ခြည် ကိုယ်အပူချိန်တိုင်းကိရိယာများ ပါဝင်သည့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများကိုလည်း ၎င်းတို့နှင့်အတူ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိချိန်တွင် တရုတ်ကျွမ်းကျင်ပညာရှင်များက ဆော်ဒီအာရေဗျနိုင်ငံ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ်ခြင်း ၊ ထိန်းချုပ်ခြင်း ၊ ရောဂါရှာဖွေခြင်း နှင့် ကုသခြင်းတို့အတွက် ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေပေးခြင်း နှင့် လေ့ကျင့်သင်ကြားပေးခြင်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆော်ဒီအာရေဗျနိုင်ငံရှိ ပြည်ပရောက် တရုတ်လူမျိုးများအတွက် လိုအပ်သည့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များကိုလည်း ပံ့ပိုးသွားမည် ဖြစ်ပြီး တရုတ်ရိုးရာတိုင်းရင်းဆေးပညာဆိုင်ရာ ဆွေးနွေးအကြံပေးခြင်း နှင့် ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သင်တန်းပေးမှုများကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)