Connect with us

CHINA

ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့အကြီးအကဲ COVID-19 ရောဂါ ကူးစက်ခံရ

လက်ဘနွန်နိုင်ငံတွင် ၂၀၁၈ ခုနှစ် ဧပြီ ၆ ရက်က စစ်ရေးချီတက်အလေးပြုမှု ပြုလုပ်နေသော ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(Xinhua/Li Liangyong)

ကုလသမဂ္ဂ၊နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရစ်စ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်လက်အောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် တာဝန်ထမ်းဆောင်နေသည့် Jean-Pierre Lacroix အား ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးရာတွင် positive အဖြေရလဒ်ထွက်ပေါ်ခဲ့ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် သတင်းထောက်များအားပြောကြားရာ၌ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ အစည်းအဝေးသို့တက်ရောက်ရန် ပေါ်တူဂီနိုင်ငံသို့ရောက်ရှိနေသည့် Lacroix အား ရောဂါစမ်းသပ်စစ်ဆေးမှုပြုလုပ်စဉ် ယခုကဲ့သို့ positive ရလဒ်အဖြေထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ အဲဒီလို positive အဖြေ ရလဒ် သိသိချင်းမှာပဲ သူဟာ ဒေသဆိုင်ရာအာဏာပိုင်တွေကို အသိပေးခဲ့တယ် ။ ပြီးတော့ လစ္စဘွန်းမြို့မှာ သူ့ဟာသူ တစ်ယောက်ထဲသီးခြားခွဲနေထိုင်ခဲ့တယ်”ဟု Dujarric က ပြောကြားခဲ့သည်။
Lacroix သည် လက္ခဏာမပြသော ရောဂါကူးစက်ခံရသူဖြစ်ပြီး ဆေးဘက်ဆိုင်ရာလမ်းညွှန်ချက်များအတိုင်း ရက်အနည်းငယ်ကြာ သီးခြားခွဲနေထိုင်မှု ဆက်လက်နေထိုင်သွားရမည်ဖြစ်ကြောင်း နှင့် ၎င်းနှင့်အနီးကပ်ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ်ခြင်းကို ချက်ချင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

“ ကျွန်တော် အစီရင်ခံနိုင်တာက ရောဂါစမ်းသပ်စစ်ဆေးမှုပြုလုပ်ပေးပြီး မစ္စတာ Lacroix အတွက်လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့တဲ့ ပေါ်တူဂီအစိုးရကို ကျေးဇူးအထူးတင်ပါတယ်” ဟု Dujarric က ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့အကြီးအကဲက ၎င်း၏တွစ်တာလူမှုကွန်ရက်ပေါ်မှတစ်ဆင့် “ ကျွန်တော် COVID-19 ရောဂါ စစ်ဆေးမှုမှာ positive ရလဒ်အဖြေထွက်ပါတယ် ၊ ကျွန်တော်က လက္ခဏာမပြတဲ့ ကူးစက်မှုပါ ၊ လစ္စဘွန်းမြို့မှာ သီးခြားခွဲနေထိုင်နေပါတယ်။ အဝေးကပဲ အလုပ်လုပ်နေပါတယ်” ဟု အစောပိုင်းတွင်ရေးသားဖော်ပြခဲ့သည်။

“ ထိတွေ့ခဲ့သူတွေကို ရှာဖွေဖော်ထုတ်ဖို့ ချက်ချင်းလုပ်နေပါတယ်၊ ရောဂါစမ်းသပ်စစ်ဆေးပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့တဲ့ ပေါ်တူဂီအစိုးရကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ မက်ဆေ့ခ်ပို့ပြီး အားပေးစကားပြောခဲ့ကြတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်” ဟု Lacroix က တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်က Lacroix အတွက် “ အမြန်ဆုံး ပြန်လည်သက်သာကောင်းမွန်လာပါစေ” ဟူ၍ ၎င်း၏တွစ်တာမှတစ်ဆင့် ဆုတောင်းစကားပြောကြားခဲ့သည်။
“ ဗိုင်းရပ်စ်ကို ဆက်ပြီး ဆန့်ကျင်တိုက်ခိုက်နေချိန်မှာပဲ ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်အားပေးမှုကို ဆက်ပြီးထိန်းသိမ်းသွားကြပါစို့”ဟု အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။(Xinhua)