INTERNATIONAL ORGANIZATION
တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါဖြစ်ပွားသူ ၁ သောင်းကျော်ရှိပြီဟု WHO ဆို

ဂျီနီဗာ၊ မတ် ၄ ရက်(ဆင်ဟွာ)
မတ် ၃ ရက် ဗဟို ဥရောပ စံတော်ချိန်(CET) နံနက် ၁၀ နာရီ အထိ နိုင်ငံအသီးသီးမှပေးပို့သည့် ကိန်းဂဏန်းများအရ တရုတ်နိုင်ငံ ပြင်ပ ကမ္ဘာ့အခြားနေရာဒေသများ၌ COVID-19 ရောဂါ အတည်ပြုလူနာ အရေအတွက်မှာ ၁၀,၅၆၆ ဦး ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ပြောကြားခဲ့သည်။
WHO အနေဖြင့် နေ့စဉ်ကမ္ဘာ့နိုင်ငံအသီးသီးမှ ပေးပို့လာသော ရောဂါဖြစ်ပွားသူအရေအတွက် ကိန်းဂဏန်းများကို စုစည်းထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ထိုမတိုင်မီ မတ် ၂ ရက် ဗဟို ဥရောပ စံတော်ချိန်(CET) နံနက် ၁၀ နာရီအထိ ရရှိသော ကိန်းဂဏန်း များအရ တရုတ်နိုင်ငံပြင်ပ ကမ္ဘာနိုင်ငံ အခြားဒေသများ၏ အတည်ပြုလူနာအရေအတွက်သည် ၈,၇၇၄ ဦး ရှိပြီး မတ် ၃ ရက် တွင် အသစ်ထပ်တိုးလူနာ ၁,၇၉၂ ဦး ရှိရာ ပထမဆုံး ရောဂါ ဖြစ်ပွားသူ လူနာ အရေအတွက် ၁ သောင်းကျော် ရောက်ရှိသွားခြင်းဖြစ်ကြောင်း၊ သေဆုံးသူ အရေအတွက်မှာ လည်း ၁၆၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
WHOက သက်ဆိုင်ရာ ကိန်းဂဏန်းများကို နေ့စဉ် ဂျီနီဗာ ဒေသစံတော်ချိန်ညပိုင်းတွင် ထုတ်ပြန် လျက်ရှိပြီး ရရှိသော ကိန်းဂဏန်းများသည် နိုင်ငံအသီးသီးမှပေးပို့ခြင်းဖြစ်ရာ အချို့နိုင်ငံများ၏ မီဒီယာများတွင် ဖော်ပြထားသည့် အရေအတွက်ကိန်းဂဏန်းများနှင့်နှိုင်းယှဉ်လျှင် အနည်းငယ် ကွဲပြားနိုင်ကြောင်း သိရသည်။ မတ် ၃ ရက် ထုတ်ပြန်ချက်များအရ တရုတ်နိုင်ငံ ပြင်ပ၌ COVID-19 ရောဂါ အတည်ပြုလူနာ တွေ့ရှိသော နိုင်ငံပေါင်း ၇၂ နိုင်ငံ ရှိကြောင်း သိရသည်။ (Xinhua)
