Connect with us

WORLD

မွမ်ဘိုင်းမြို့တွင် အလုပ်သမား အခက်အခဲနှင့် ရွှေ့ပြောင်းသွားလာခြင်း ကိစ္စရပ်များကြောင့် စားသောက်ဆိုင် ၃၀ ရာခိုင်နှုန်းသာ ပြန်လည်ဖွင့်လှစ်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဂန္ဒီနိုင်ငံတကာလေဆိပ်တွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအစောင့်တစ်ဦး (ယာ) ကို တွေ့ရစဉ် (ဆင်ဟွာ)

မွမ်ဘိုင်း၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အလုပ်သမားအခက်အခဲနှင့် ရွှေ့ပြောင်းသွားလာခြင်း ပြဿနာရပ်များကြောင့် အစိုးရက ကပ်ရောဂါအတွင်း အသွားအလာကန့်သတ်မှု သတ်မှတ်ချက်များ ဖြေလျှော့ပေးခဲ့သော်လည်း စားသောက်ဆိုင် ၃၀ ရာခိုင်နှုန်းသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

“စားသောက်ဆိုင်အတော်များများက ဝန်ထမ်းရှားပါးမှုနဲ့ ဝန်ထမ်းတွေရဲ့ နေ့စဉ် နေအိမ်ကနေ အလုပ်ဆီသွားလာမှု ပြဿနာတွေ ကြုံနေရတယ်။ ပြီးတော့ စားသောက်ဆိုင်တွေက ခြောက်လကျော်လောက် လုံးဝပိတ်ထားရတော့ ဆိုင်တွင်းအပြင်အဆင်တွေနဲ့ အခြားအကြောင်းတွေကို အသစ်ပြင်ဆင်တာတွေ၊ ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ဖို့လိုနေတယ်” ဟု အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဟိုတယ်နှင့် စားသောက်ဆိုင်များအသင်း အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ Pradeep Shetty က အောက်တိုဘာ ၆ ရက်တွင် ပြောခဲ့သည်။

အိန္ဒိယနိုင်ငံတွင် မွမ်ဘိုင်းမြို့သည် ဒေလီမြို့နှင့် ဘန်ဂလူရူ မြို့များပြီးနောက် COVID-19 ဖြစ်ပွားမှု တတိယအများဆုံးမြို့ဖြစ်သည်။ ပြီးခဲ့သော မတ်လ ၂၃ ရက်ကတည်းက အသွားအလာပိတ်ပင်ထားပြီး ရထားအစရှိသော အများပြည်သူ ပို့ဆောင်ရေးလုပ်ငန်းများကိုလည်း မရှိမဖြစ်လိုအပ်သော လုပ်သားများအတွက် အကန့်အသတ်ဖြင့် ခွင့်ပြုခြင်းနှင့်အတူ ဆက်လက် ကန့်သတ်ထားကြောင်းသိရသည်။
အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးမြို့တော်ဖြစ်သော မွမ်ဘိုင်းတွင် စားသောက်ဆိုင်ပေါင်း ၈၇,၀၀၀ ရှိပြီး လူပေါင်း ၄၂၈,၀၀၀ ခန့်ကို အလုပ်အကိုင်ပေးထားကြောင်း ဟိုတယ်နှင့် စားသောက်ဆိုင်များအသင်းအရ သိရသည်။

စားသောက်ဆိုင်များအနေဖြင့် အသွာအလာပိတ်ပင်ထားခြင်းကြောင့် ဝန်ထမ်းများကို လစာပေးခြင်းနှင့် အခြားသောကုန်ကျစရိတ်များ၌ ၎င်းတို့၏ အရန်ငွေများ ထည့်ဝင်သုံးစွဲရသဖြင့် ငွေကြေးဖိအားများကို ရင်ဆိုင်နေရကြောင်း Shetty က ပြောခဲ့သည်။

မွမ်ဘိုင်းမြို့ အုပ်ချုပ်ရေးအာဏာပိုင် BrihanMumbai Municipal Corporation (BMC) သည် စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ညစာစားပွဲခန်းမများနှင့် ဘားများကို လာရောက်သည့်ဧည့်သည် ၃၃ ရာခိုင်နှုန်းဖြင့် ပြန်လည်ဖွင့်ခွင့်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ် မြို့တော်ဖြစ်သော မွမ်ဘိုင်းတွင်မူ ဆိုင်များအတွင်း လူဝင်ဆံ့မှု ၅၀ ရာခိုင်နှုန်းဖြင့် ပြန်လည်ဖွင့်ခွင့်ပြုထားကြောင်း သိရသည်။

စားသောက်ဆိုင်များအနေဖြင့် လုပ်ငန်းလည်ပတ်မှု လုပ်ငန်းစဉ်စံနှုန်းများအားလုံး စောင့်ကြည့်ပြီးပြီဆိုပါက လူဝင်ရောက်မှုအရေအတွက်ကို နိုဝင်ဘာ ၁ ရက်မှစ၍ ၅၀ ရာခိုင်နှုန်းအထိ အလိုအလျောက် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း BMC က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.