Connect with us

WORLD

ထရမ့်၏ ထိပ်တန်းလက်ထောက် Stephen Miller တွင် COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိ

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ဒုသမ္မတ မိုက်ပန့်တို့အား အိမ်ဖြူတော်၌ အတူတကွတွေ့ရစဉ်(ဆင်ဟွာ)

 ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ အကြီးတန်းအကြံပေး တစ်ဦးဖြစ်သူ Stephen Miller သည် COVID-19 ရောဂါကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိထားသည်ဟု အိမ်ဖြူတော်က အောက်တိုဘာ ၆ ရက်တွင် တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

“ ပြီးခဲ့တဲ့ ငါးရက်အတွင်း ကျွန်တော်အဝေးကနေပဲ အလုပ်လုပ်ပါတယ်၊ ကိုယ့်ကိုယ်ကို သီးသန့်ခွဲပြီးနေထိုင်တာပေါ့။ ကိုဗစ်ရှိမရှိ နေ့တိုင်း စမ်းသပ်စစ်ဆေးခဲ့ရာမှာ မနေ့ကအထိ Negative ပြပါတယ်။ ဒီနေ့ကျမှ ကျွန်တော် Positive အဖြေထွက်လာတာပါ။ Q နေရတော့မှာပေါ့” ဟု Miller ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

အိမ်ဖြူတော်၌ သမ္မတထရမ့်အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် တိုးမြင့်လာနေစဉ်အတွင်း ၎င်းသည် နောက်ဆုံး ကူးစက်ခံရသူအဖြစ် စမ်းသပ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။Miller ၏ ဇနီးဖြစ်သူ ဒုတိယသမ္မတ မိုက်ပန့်၏ ဆက်သွယ်ရေးညွှန်ကြားရေးမှူး Katie Miller သည် ပြီးခဲ့သော မေလတွင် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

Katie Miller အား အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် စမ်းသပ်ခဲ့ရာ၌ Negative အဖြေထွက်ခဲ့သည်။ သို့သော် ၎င်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်က ၂၀၂၀ ဒုတိယသမ္မတလောင်းအတွက် မဲဆွယ်ပွဲကျင်းပရာ Salt Lake သို့ ဒုတိယသမ္မတမိုက်ပန့်နှင့်အတူ သွားရောက်ခဲ့ပြီး ကိုဗစ်သတိပေးကန့်သတ်ချက်များကို လိုက်နာခဲ့ခြင်းမရှိကြောင်း သတင်းများက ဆိုသည်။

မိုက်ပန့်၏ ပြန်ကြားရေးတာဝန်ခံ Devin O’Malley က အောက်တိုဘာ ၆ ရက် ညနေပိုင်းတွင် တွစ်တာမှတစ်ဆင့် ရေးသားခဲ့ရာ၌ ဒုတိယသမ္မတအနေဖြင့် ယင်းနေ့ညနေပိုင်းတွင် ထပ်မံဆေးစစ်ခဲ့ရာ Negative အဖြေထွက်ခဲ့ကြောင်း ဖော်ပြထားသည်။
“ ဒုတိယသမ္မတမိုက်ပန့်ဟာ သူ့ရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကို ဆက်လုပ်သွားမှာပါ ၊ သီးသန့် Q ဝင်ဖို့တော့ မလိုအပ်ပါဘူး” ဟု ၎င်း၏ ဆရာဝန်မှတ်ချက်တစ်ခုအရ သိရသည်။(Xinhua)