Connect with us

WORLD

COVID-19 ဆိုင်ရာ ထောက်ပံ့မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၇၅၀ သဘောတူညီချက်ကို အိန္ဒိယ အစိုးရ နှင့် AIIB လက်မှတ်ထိုး 

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ရုံးချုပ်အား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသော ဆင်းရဲပြီး ရပ်တည်ရန်ခက်ခဲသည့် အိမ်ထောင်စုများကို ထောက်ပံ့ကူညီရန် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) နှင့် အမေရိကန်ဒေါ်လာ သန်း ၇၅၀ တန်ဖိုးရှိသော သဘောတူညီချက်ကို ဇွန် ၁၉ ရက်၌ အိန္ဒိယအစိုးရက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ 

အဆိုပါ သဘောတူညီချက်သည် AIIB ၏ “COVID-19 တက်ကြွစွာတုံ့ပြန်ရေးနှင့် အသုံးစရိတ်ထောက်ပံ့ရေး အစီအစဉ်” အရ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

“သဘောတူညီချက်ကို အိန္ဒိယအစိုးရရဲ့ ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန စီးပွားရေးဆိုင်ရာ ဦးစီးဌာန တွဲဖက် အတွင်းရေးမှူး Sameer Kumar Khare နဲ့ AIIB ၏ ကိုယ်စား ခေတ္တ ညွှန်ကြားရေးမှူးချုပ် Rajat Misra တို့က လက်မှတ်ရေးထိုးခဲ့ပါတယ်” ဟု အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ကနဦးအစီအစဉ် အကျိုးခံစားခွင့်ရသူများတွင် ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်မျဉ်းအောက်ရှိ မိသားစုများ၊ လယ်သမားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးများ၊ အမျိုးသမီးများ ကိုယ်ထူကိုယ်ထအဖွဲ့များ၊ မုဆိုးမများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ဝင်ငွေနည်းပါးသူများ၊ ဆောက်လုပ်ရေး အလုပ်သမားများနှင့် အခြား ရပ်တည်ရန်ခက်ခဲသောအုပ်စုများ ပါဝင်မည် ဖြစ်သည်။ 

အိန္ဒိယနိုင်ငံ အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အရေးပေါ်တုံ့ပြန်ရေးအတွက် AIIB ၏ အကူအညီအတွက် ကျေးဇူးတင်ကြောင်း၊ AIIB ၏ အချိန်မီ ငွေကြေးထောက်ပံ့မှုက  အစိုးရ၏ COVID-19 အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း Khare က ပြောခဲ့သည်။ 

ဘဏ္ဍာရေးဝန်ကြီးဌာနအဆိုအရ ယင်းအစီအစဉ်သည် COVID-19 ကြောင့် လူမှုရေးနှင့် စီးပွားရေးအပေါ် ထိခိုက်မှုအား လျှော့ချရန် အိန္ဒိယအစိုးရကို ဘတ်ဂျက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

“အိန္ဒိယကို AIIB ရဲ့ ထောက်ပံ့မှုက အိန္ဒိယနိုင်ငံ၏ စီးပွားရေး ကုန်ထုတ်လုပ်မှု စွမ်းရည်ကို ကာလရှည် ထိခိုက်မှုမှ ကာကွယ်ရန် စီးပွားရေးဒဏ်ခံနိုင်စေရန်အတွက် ရည်ရွယ်ပါတယ်” ဟု AIIB ဒုတိယ ဥက္ကဋ္ဌ (ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း) D J Pandian က ပြောခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.