Connect with us

WORLD

ဂျာမနီ အသားစက်ရုံတွင် အစုလိုက်အပြုံလိုက်ရောဂါကူးစက်မှုကြောင့် ခရိုင်နှစ်ခုအား လော့ခ်ဒေါင်းချထား

ဂျာမနီနိုင်ငံ North Rhine-Westphalia(NRW) ပြည်နယ် Güterslohခရိုင်တွင် COVID-19ရောဂါစစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

 ဖရန့်ဖွတ်၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ North Rhine-Westphalia(NRW) ပြည်နယ်ရှိ အသားထုတ်စက်ရုံတစ်ခုတွင် အစုလိုက်အပြုံလိုက် ရောဂါ ကူးစက်မှုအခြေအနေ တိုးမြင့်လျက်ရှိရာ  ၎င်းစက်ရုံတည်ရှိသည့် Güterslohခရိုင်နှင့် အနီးရှိ Kreis Warendorfခရိုင်အား လော့ခ်ဒေါင်းပြုလုပ်ထားကြောင်း NRW ပြည်နယ်က ဇွန် ၂၃ ရက်တွင် ကြေညာခဲ့သည်။ 

Güterslohခရိုင်ကို တင်းကြပ်သည့်ရောဂါထိန်းချုပ်မှုအစီအမံများ ပြန်လည်ပြုလုပ်ထားကြောင်း ၊ ရုပ်ရှင်ရုံ၊အားကစားခန်း၊ အရက်ဘားများကို ပိတ်ထားခြင်းအပါအဝင်  မိသားစုဝင်မဟုတ်သူများ နှစ်ဦးနှင့်အထက်စုဝေးခြင်းကို တားမြစ်ထားကြောင်း  NRW ပြည်နယ်မှူး Armin Laschet က ဆိုသည်။ စားသောက်ဆိုင်များကိုဖွင့်လှစ်ခွင့်ပြုသော်လည်း မိသားစုဝင်များသာ တစ်စားပွဲထဲစားသုံးခွင့် ပြုထားကြောင်းနှင့် ကျန်းမာရေး စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဈေးအရောင်ဆိုင်များကိုသာ ဆက်လက်ဖွင့်လှစ်ခွင့်ပြုထားကြောင်း ဆိုသည်။ 

ဂျာမနီနိုင်ငံ North Rhine-Westphalia(NRW) ပြည်နယ် Güterslohခရိုင်တွင် COVID-19ရောဂါစစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

Güterslohခရိုင်သည် ပြီးခဲ့သောအပတ်တွင် စာသင်ကျောင်းများနှင့်မူကြိုများကို ပိတ်ထားကြောင်း သိရသည်။ ရောဂါကြိုတင်ကာကွယ်သည့် အနေဖြင့် လော့ခ်ဒေါင်းကို ဇွန် ၃၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုသည် စက်ရုံပြင်ပ အခြားသူများအား သက်ရောက်မှု ရှိမရှိကို စိစစ်နိုင်ရန် ရောဂါစစ်ဆေးမှုများ အများအပြားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ လက်ရှိတွင် အတည်ပြုလူနာ ၂၄ ဦးသည် အသားစက်ရုံနှင့်ဆက်စပ်မှုမရှိကြောင်း Armin Laschetက ပြောကြားခဲ့သည်။  လော့ခ်ဒေါင်းကို Güterslohခရိုင်အနီးရှိ Kreis Warendorfခရိုင်တွင်လည်း လုပ်ဆောင်သွားမည်ဟု NRW ပြည်နယ် ကျန်းမာရေးဝန်ကြီး Laumannက ဇွန် ၂၃ ရက် ညနေပိုင်းတွင်ကြေညာခဲ့သည်။ 

ဂျာမနီနိုင်ငံ North Rhine-Westphalia(NRW) ပြည်နယ် Güterslohခရိုင်တွင် COVID-19ရောဂါစစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

Güterslohခရိုင်ရှိ Toennies အသားထုတ်စက်ရုံတွင် ယခုရက်ပိုင်းများက COVID-19ရောဂါ အစုလိုက်အပြုံလိုက်ကူးစက်မှုဖြစ်ပွားခဲ့သည်။ ဇွန် ၂၂ ရက် ညပိုင်းအထိ စက်ရုံဝန်ထမ်း ၆,၆၅၀ဦးကို ရောဂါစစ်ဆေးခဲ့ရာတွင်  အတည်ပြုလူနာ ဦးရေသည် ၁,၅၅၃ဦးအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ NRW ပြည်နယ်က ပြည်နယ်အတွင်း အသားထုတ်စက်ရုံအားလုံးရှိ ဝန်ထမ်းများကို ရောဂါစစ်ဆေးရန် ကြေညာခဲ့ကြောင်း သိရသည်။(Xinhua)