Connect with us

WORLD

ကန့်သတ်ပိတ်ပင်မှု အပြည့်အဝမလုပ်ဆောင်ခြင်းက COVID-19 ဖြစ်ပွားမှုကို မြင့်တက်စေသောအချက် တစ်ခုဖြစ်ကြောင်း Fauci ဆို

လက်သန့်ရှင်းရေးပြုလုပ်နေသည့် ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါဆိုင်ရာ အမျိုးသားတက္ကသိုလ် ညွှန်ကြားရေးမှူး Anthony Fauci အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှု မြင့်တက်စေသည့် အကြောင်းအရင်းများတွင် ကန့်သတ်ပိတ်ပင်မှု အပြည့်အဝမလုပ်ဆောင်ခြင်းမှာလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း အမေရိကန် ထိပ်တန်းကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Anthony Fauci က ဇူလိုင် ၃၁ ရက်၌ ပြောကြားခဲ့သည်။ 

အမေရိကန်နိုင်ငံတွင် ရောဂါဖြစ်ပွားမှုအသစ်များ မြင့်တက်လာချိန်တွင် ဥရောပ၌ ဗိုင်းရပ်စ်ကို အဘယ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့်ထိန်းချုပ်လာနိုင်သနည်းဆိုသည်ကို အောက်လွှတ်တော် ဆပ်ကော်မတီ၌ ကြားနာစဉ် ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါဆိုင်ရာ အမျိုးသားတက္ကသိုလ် ညွှန်ကြားရေးမှူး Fauci က မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ 

“ဥရောပမှာ ဘာဖြစ်နေလဲဆိုတာကို ကြည့်မယ်ဆိုရင် သူတို့က ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ဆောင်တာ၊ အသွားအလာကန့်သတ်လိုက်တာ၊ လုံခြုံတဲ့နေရာတွေမှာ နေစေတာတွေ ဆောင်ရွက်တဲ့အခါမှာ နိုင်ငံရဲ့ ၉၅ ရာခိုင်နှုန်းကျော်လောက်ကို အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု Fauci က ပြောခဲ့သည်။ 

“ကျွန်တော်တို့ ဘာတွေလုပ်ခဲ့လဲဆိုတာကို တကယ်ကြည့်လိုက်တဲ့အခါမှာ ကျွန်တော်တို့ဟာ နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကိုသာ ကန့်သတ်ပိတ်ပင်မှု ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် Fauci က Moderna နှင့် ၎င်း၏ အေဂျင်စီက ဖော်ထုတ်လျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမှာ အောင်မြင်မည်ဟု သတိရှိှရှိဖြင့် ယုံကြည်မျှော်လင့်ကြောင်း ဥပဒေပြုအမတ်များအား ပြောကြားခဲ့သည်။ 

 အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ၁၀:၃၅ နာရီအထိ COVID-19 ရောဂါဖြစ်ပွားမှု ၄.၄၉ သန်းအထိရောက်ရှိလာကာ သေဆုံးသူ အရေအတွက်မှာ ၁၅၂,၀၀၀ ကျော်ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် (JHU) ၏ ဇူလိုင် ၃၁ ရက် စာရင်းအရ သိရသည်။  (Xinhua)