Connect with us

WORLD

အမေရိကန် ဆေးကုမ္ပဏီ တစ်ခု က COVID-19 ရောဂါ ဆေးဝါးအတွက် တတိယ အကြိမ်လူဖြင့် လက်တွေ့ စမ်းသပ်မှု ပြုလုပ်ရန် စတင်

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ စစ်ဆေးရန် စောင့်ဆိုင်းနေသူများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဆေးဝါး ထုတ်လုပ်မှု ကုမ္ပဏီ တစ်ခု ဖြစ်သည့် Lily ကုမ္ပဏီ က သြဂုတ် ၃ ရက် ၌ COVID-19 ရောဂါ ကုသမှု ဆေးဝါးအတွက် တတိယ အကြိမ် လူဖြင့် လက်တွေ့ စမ်းသပ် ပြုလုပ်ရန် စတင် လိုက်ကြောင်း ကြေညာ ခဲ့သည်။ အဓိက အားဖြင့် ၎င်း တို့ တီထွင် ထုတ်လုပ်ထားသည့် LY-CoV555 ပဋိဇီဝပစ္စည်းကို အမေရိကန် နိုင်ငံ ရှိ ဘိုးဘွားရိပ်သာ များ တွင် ကာလရှည်ကြာစွာ လုပ်ငန်းဆောင်ရွက်နေရသည့် ဝန်ထမ်းများအတွက် COVID-19 ရောဂါ ကူးစက်ခံရခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်မှု ရှိမရှိ သိနိုင်ရန် သုတေသန ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

Lily ကုမ္ပဏီ က LY-CoV555 ပဋိဇီဝပစ္စည်း သည် COVID-19 ရောဂါပိုး အား တိုက်ခိုက်သည့် ပဋိဇီဝပစ္စည်းတစ်မျိုး ဖြစ်ကြောင်း နှင့် အမေရိကန် နိုင်ငံ၌  အစောပိုင်းကာလတွင် COVID-19 ရောဂါ ကူးစက်ခံရသူ တစ်ဦး ၏ သွေးရည်ကြည်မှ  ခွဲထုတ်ရယူထားခြင်း ဖြစ်ကြောင်း ၊ ယင်းပဋိဇီဝဆေးသည် လူ၏ ခန္ဓာကိုယ် ထဲသို့ ရောဂါပိုး ဝင်ရောက်ခြင်း နှင့် ကပ်တွယ်နေခြင်းကို ကာကွယ်ပေးနိုင်ကြောင်း ၊ ယခုဆေးဝါးကို COVID-19 ရောဂါ ကာကွယ်ရေး နှင့် ကုသရေးတွင် အသုံးပြုနိုင်ဖွယ်ရှိကြောင်း မိတ်ဆက်ပြောကြား ခဲ့သည်။

Lily ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ယင်း ပဋိဇီဝပစ္စည်းကို ၎င်းတို့ ကုမ္ပဏီနှင့် ကနေဒါနိုင်ငံ အခြေစိုက် ဇီဝနည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်သော AbCellera ကုမ္ပဏီတို့က ပူးပေါင်း တီထွင်ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း ၊ တတိယအကြိမ် လက်တွေ့စမ်းသပ်မှုကို အမေရိကန် နိုင်ငံ ဓာတ်မတည့်မှု နှင့် ကူးစက်ရောဂါ သုတေသန အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊  လတ်တလောကာလတွင် COVID-19 ရောဂါ ကူးစက်မှု ဖြစ်ပွား ခဲ့သည့် ဒေသ များတွင် နေထိုင်သူ နှင့် လုပ်ကိုင်ဆောင်ရွက်သူ လုပ်အားပေး ၂,၄၀၀ ကို စမ်းသပ်မှု ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ၊  လုပ်အားပေးများအား ဆေးစမ်းသပ်မှုလုပ်ငန်းစဉ်ကို စက်တင်ဘာတွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ စမ်းသပ်မှု တွင် LY-CoV555 ပဋိဇီဝပစ္စည်း က COVID-19 ရောဂါ အား ကာကွယ်နိုင်ခြင်း ရှိမရှိ ၊ ရောဂါ ကုသနိုင်ခြင်း ရှိမရှိ နှင့် လုံခြုံမှု ၊ အသုံးပြုရမည့် ပမာဏ နှင့် ၄ ပတ် အတွင်း COVID-19 ရောဂါ ကူးစက်နိုင်ချ လျှော့ ချနိုင်ခြင်း ရှိမရှိ ၊ ၈ ပတ် အတွင်း COVID-19 ရောဂါ ကြောင့် ဖြစ်ပွား သည့် ရောဂါ လက္ခဏာများ လျှော့ချနိုင်ခြင်း ရှိမရှိ တို့ ကို စစ်ဆေးသုံးသပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Lily ကုမ္ပဏီ က အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူများ အနက် ၄၀ ရာခိုင်နှုန်းကျော် သည် ဘိုးဘွားရိပ်သာ တွင် ရေရှည်လုပ်ကိုင်ဆောင်ရွက်ကြသူများ ဖြစ်ကြပြီး ယင်းတို့ အတွက် ထိရောက်သော ဆေးဝါးတစ်မျိုး အရေးပေါ်လိုအပ်နေကြောင်း ၊ လက်ရှိချိန်တွင် ဒုတိယ အကြိမ် LY-CoV555 ပဋိဇီဝပစ္စည်း စမ်းသပ်မှု ကို ဆောင်ရွက်နေပြီး စမ်းသပ်မှု အရ အသုံးပြုသည့် ပမာဏ အမျိုးမျိုး တိုင်းတွင် ကောင်းမွန်သည့် ရလဒ် များ ရရှိခဲ့ပြီး ဆိုးရွားသည့် ဘေးထွက်ဆိုးကျိုး မရှိကြောင်း ၊ သို့သော် လက်ရှိချိန်တွင် ထိရောက်မှု နှင့် ပတ်သက်သော ကိန်းဂဏန်း က မထွက်ရှိသေးကြောင်း ထုတ်ပြန် ခဲ့သည်။

လတ်တလောကာလ အတွင်း အမေရိကန် နိုင်ငံ ၌ COVID-19 ရောဂါ ကူးစက်ခံရသူ နှင့် သေဆုံးမှု သည်ဆက်လက် မြင့်တက်လျက်ရှိရာ အမေရိကန် နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ ထုတ်ပြန်ကြေညာချက် အရ အမေရိကန် နိုင်ငံ ၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၄.၇ သန်းကျော်ထိရှိနေပြီး  သေဆုံးသူ ၁၅၅,၀၀၀ ဦးကျော် အထိ ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ အိမ်ဖြူတော်၏ COVID-19 ရောဂါ ရင်ဆိုင်ဖြေရှင်းမှု ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဖွဲ့ဝင် Deborah Birx က လက်ရှိချိန်တွင် အမေရိကန် နိုင်ငံ ၌ ကပ်ရောဂါ အခြေအနေသည် အဆင့်သစ် တစ်ခု သို့ ရောက်ရှိလာခဲ့ပြီး လွန်စွာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက် ပျံ့နှံ့လာနိုင်ကြောင်း သြဂုတ် ၂ ရက်တွင် ပြောကြား ခဲ့သည်။  (Xinhua)