Connect with us

WORLD

နီပေါနိုင်ငံတွင် ရောဂါမှ ပြန်လည်ကောင်းမွန်လာသူ၏ သွေးရည်ကြည်ဖြင့် COVID-19 ရောဂါဆိုးရွားစွာ ခံစားနေရသည့် လူနာအား ပထမ ဦးဆုံး အောင်မြင်စွာ ကုသပေးနိုင်ခဲ့

နီပေါ နိုင်ငံ တွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ပိုးသတ်ဆေးဖျန်းနေသည် ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

 

ခတ္တမန္ဒူ ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

နီပေါ နိုင်ငံ Tribhuvan တက္ကသိုလ် စာသင်ကျောင်းဆေးရုံရှိ ဆရာဝန်များက လတ်တလော ကာလ အတွင်း COVID-19 ရောဂါ ကူးစက် ခံထားရသူအား ပထမဦးဆုံး အကြိမ် ရောဂါပျောက်ကင်းသွားသူ၏ သွေးရည်ကြည်ဖြင့် ကုသမှု ပြုလုပ်ခဲ့ရာ အသက်သေဆုံးခါနီး ဖြစ်သော အသက် ၆၀ နှစ် အရွယ် ရှိ COVID-19 ရောဂါ ကူးစက်ခံထားရသူအား အောင်မြင်စွာ ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရှိရသည်။

ယခုအကြိမ် ကုသမှုတွင် ပါဝင်ခဲ့သူ ဆေးရုံ ၏ COVID-19 စီးမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းရေးမှူး ဒက်စ် က သြဂုတ် ၃ ရက် ၌ ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာ တွင် ယခု ကုသမှု ခံယူခဲ့သူ သည် အသက်ဆုံးပါးလုနီး အခြေအနေ သို့ ရောက်ရှိနေပြီး လက်ရှိချိန်တွင် အခြေခံအားဖြင့် အလုံးစုံ ပြန်လည်ကောင်းမွန်သွားပြီး ဖြစ်ကြောင်း ၊ ဆရာဝန်များ အနေဖြင့် ၎င်း ၏ COVID-19 ရောဂါ စစ်ဆေးမှု အဖြေကို စောင့်ကြည့်နေပြီး ရောဂါ မရှိတော့သည်ကို စစ်ဆေးတွေ့ရှိပါက ၎င်းအား ဆေးရုံ မှ ဆင်းခွင့်ပြုမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒက်စ် က ယခု ကုသမှုခံယူခဲ့သည့် လူနာ သည် ဇူလိုင် ၂၅ ရက် တွင် Tribhuvan တက္ကသိုလ် စာသင်ကျောင်းဆေးရုံ သို့ ရောက်ရှိလာခဲ့ရာ သူ့အား ချက်ခြင်း ဆိုသလို အထူးကြပ်မတ်ဆောင် သို့ ပို့သ ပေးခဲ့ရကြောင်း ၊ ယင်းလူနာ အား ၅ ရက်ကြာ ဆေးဝါးကုသမှု ပြုလုပ်ခဲ့ရ ကောင်းမွန်လာခြင်း မရှိသဖြင့် ဆရာဝန် များက နောက်ဆုံး ကြိုးပမ်းအားထုတ်မှု အနေဖြင့် သွေးရည်ကြည်သွင်းကုထုံးဖြင့် ကုသပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ ဇူလိုင် ၃၀ ရက် တွင် ဆရာဝန်များ က အသက် ၃၀ အရွယ်ရှိ COVID-19 ရောဂါ မှ ပြန်လည်ကောင်းမွန်လာသူ တစ်ဦးထံ မှ သွေးရည်များ ရယူခဲ့ပြီး ယခု လူနာ ၏ ခန္ဓာကိုယ် ထဲသို့ ထိုးသွင်းပေး ခဲ့ကြောင်း ၊ ထို့နောက် ၄၈ နာရီ ကြာပြီးနောက် တွင် လူနာ အခြေအနေ သည် သိသာစွာ ပြန်လည်ကောင်းမွန်လာ ခဲ့ပြီး အသက်ရှူစက် အသုံးပြုရသည့် ကြာချိန်မှာလည်း သိသိသာသာ လျော့ကျ သွားခဲ့ကြောင်း ၊ နီပေါ နိုင်ငံ ရှိ ဆေးရုံ ၁၂ ခုတွင် COVID-19 ရောဂါ အား သွေးရည် ကြည်သွင်း ကုသပေးနိုင်သည့် အရည်အချင်း ရှိကြောင်း ပြောကြားခဲ့သည်။

နီပေါ နိုင်ငံ တွင် ဇူလိုင် ၂၂ ရက် က နိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ကန့်သတ်မှုများ ကို ပယ်ဖျက်လိုက်ပြီးနောက် တွင် ကပ်ရောဂါ အခြေအနေ သည် တစ်ဖန် ပြန်လည်ဆိုးရွားလာခဲ့ကြောင်း ၊ နီပေါ နိုင်ငံ ကျန်းမာရေး နှင့် လူဦးရေ ဝန်ကြီးဌာန ၏ သြဂုတ် ၃ ရက် ညနေပိုင်း ထုတ်ပြန်သည့် ကြေညာချက် အရ လွန်ခဲ့သော ၂၄ နာရီ အတွင်း နီပေါ နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ ၄၁၈ ဦး တိုးမြင့်လာခဲ့ပြီး စုစုပေါင်း ၂၀,၇၅၀ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ နီပေါနိုင်ငံ တွင် COVID-19 ရောဂါ ကြောင့် သေဆုံးသူ စုစုပေါင်း ၅၇ ဦး ရှိခဲ့ပြီး လူပေါင်း ၁၄,၉၆၁ ဦး ကို ပြန်လည်ကောင်းမွန်အောင် ကုသပေးနိုင်ခဲ့ကြောင်း သိရှိရသည်။  (Xinhua)