WORLD
အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံရသူဦးရေ နှစ်သန်းကျော်လာ
နယူးဒေလီ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ၏ COVID-19 ဖြစ်ပွားမှု အရေအတွက်သည် သြဂုတ် ၇ ရက်တွင် ၂ သန်းကျော်အထိ ရောက်ရှိလာကာ ၂,၀၂၇,၀၇၄ ဦး ရှိပြီဖြစ်ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း အသစ်ကူးစက်ခံရမှု ၆၂,၅၃၈ ခု ရှိခဲ့သည်။ သြဂုတ် ၆ ရက်မှစ၍ သေဆုံးသူ စုစုပေါင်း ၈၈၆ ဦးရှိခဲ့သဖြင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူစုစုပေါင်း ၄၁,၅၈၅ဦးအထိ ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
အချက်အလက်များအရ အိန္ဒိယနိုင်ငံတွင် အောင်မြင်စွာကုသနိုင်ခဲ့၍ ဆေးရုံမှဆင်းခွင့်ရသူ အရေအတွက်မှာ ၁,၃၇၈,၁၀၅ဦး ရှိပြီဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ ဆေးရုံများ၌ ကုသမှုခံယူနေဆဲဖြစ်သူ ၆၀၇,၃၈၄ ဦးရှိကြောင်း သိရသည်။
ယနေ့ (သြဂုတ် ၇ ရက်နေ့) သည် အိန္ဒိယနိုင်ငံ၌ ကူးစက်မှုအသစ် ၅၀,၀၀၀ကျော် ဆက်တိုက်ရှိလာသော ရှစ်ရက်မြောက်နေ့ဖြစ်သည်။ ရောဂါကူးစက်ခံသူဦးရေ တစ်ဟုန်ထိုးတက်လာရခြင်းမှာ ဗဟိုအစိုးရက နမူနာများကို ပိုမိုစစ်ဆေးစေခဲ့ခြင်းကြောင့် ဖြစ်သည်။
အိန္ဒိယဆေးသုတေသနကောင်စီ (ICMR) ၏ အချက်အလက်များအရ သြဂုတ် ၆ ရက်အထိ စုစုပေါင်း နမူနာ ၂၂,၇၈၈,၃၉၃ ခု စစ်ဆေးခဲ့သည့်အနက် နမူနာ ၆၃၉,၀၄၂ ခုကို သြဂုတ် ၆ ရက်တစ်နေ့တည်းတွင် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)