WORLD
နိုင်ငံအများအပြားတွင် တစ်ရက်အတွင်း ထပ်တိုးလူနာသစ် စံချိန်တင်၊ အမေရိကန်နိုင်ငံသည် ကပ်ရောဂါအကျပ်အတည်းကို ဝမ်းနည်းဖွယ်ဖြစ်ရပ်သို့ ရောက်စေခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ ကမ္ဘာ့ ထိပ်တန်းဂျာနယ် NEJMက ဆို
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)
နိုင်ငံအများအပြားတွင် တစ်ရက်အတွင်း ထပ်တိုးလူနာအရေအတွက် စံချိန်တင်တိုးမြင့်လာကြောင်းနှင့် အမေရိကန်နိုင်ငံသည် ကပ်ရောဂါအကျပ်အတည်းကို ဝမ်းနည်းဖွယ် ဖြစ်ရပ်သို့ ရောက်စေခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ ကမ္ဘာ့ ထိပ်တန်းဂျာနယ် The New England Journal of Medicine(NEJM)က ဖော်ပြခဲ့သည်ဟု အောက်တိုဘာ ၁၀ ရက် သတင်းများအရ သိရသည်။
(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ အောက်တိုဘာ ၁၀ ရက် ဗဟိုဥရောပစံတော်ချိန်(CET) ၁၅ နာရီ ၄၀ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၃၈၃,၃၅၉ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၈,၅၇၅ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၃၆,၇၅၄,၃၉၅ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၀၆၄,၈၃၈ ဦး ရှိကြောင်း သိရသည်။
အမေရိကန်နိုင်ငံ နယူးယောက်၏ မြင်ကွင်းအချို့အား အောက်တိုဘာ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် အောက်တိုဘာ ၁၁ ရက် ၇ နာရီ ၂၃ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၃၇,၀၇၇,၁၈၂ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၀၇၀,၉၉၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကိုဗစ် အတည်ပြုလူနာနှင့် သေဆုံးသူ အရေအတွက် အများဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၇,၇၀၉,၆၂၈ ဦး နှင့် သေဆုံးသူ ၂၁၄,၃၀၅ ဦး ရှိကြောင်း သိရသည်။
အမေရိကန်နိုင်ငံ နယူးယောက်၏ မြင်ကွင်းအချို့အား အောက်တိုဘာ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
(၂)သတင်းအချက်အလက် စုစည်းချက်များ
ကိုဗစ် ကပ်ရောဂါသည် တစ်ကမ္ဘာလုံးကို အကျပ်အတည်း ဖြစ်စေသလို နိုင်ငံခေါင်းဆောင်မှုကို ကြီးမားသည့် အစမ်းအသပ် ဖြစ်စေခဲ့ကြောင်း၊ အမေရိကန် နိုင်ငံ ခေါင်းဆောင်က စမ်းသပ်မှုဒဏ်ကို ခံနိုင်ရည်မရှိဘဲ အကျပ်အတည်းကို ဝမ်းနည်းဖွယ် ရာ ဖြစ်ရပ်သို့ ရောက်ရှိစေခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ ကမ္ဘာ့ထိပ်တန်းဂျာနယ်၊ အမေရိကန်နိုင်ငံ The New England Journal of Medicine(NEJM)၏ ၈ ရက်နေ့ ဆောင်းပါးတွင် ဖော်ပြခဲ့သည် ။အမေရိကန်နိုင်ငံသည် ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာ၌ ခြေလှမ်းတိုင်းလိုလိုက ရှုံးနိမ့်နေကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ဒေသများ၏ အစောပိုင်းကာလများက ကိုရိုနာဗိုင်းရပ်စ် positive နမူနာများကို လေ့လာစိစစ်ကြည့်ရာတွင် အများစု၏ မျိုးရိုးဗီဇ အစီအစဉ်သည် ဥရောပတိုက်၏ ဗိုင်းရပ်စ် မျိုးရိုးဗီဇအစီအစဉ်နှင့် ဆင်တူရာ လော့စ်အိန်ဂျယ်လိစ်အစောပိုင်းကာလ ရောဂါကူးစက်မှုသည် အဓိကအားဖြင့် ဥရောပမှ ဝင်ရောက်လာခြင်း ဖြစ်နိုင်ကြောင်း အမေရိကန် သုတေသီက ပြီးခဲ့သော ရက်များတွင် သုတေသနရလဒ်သစ်များကို ဖော်ပြခဲ့သည်။
ဟန်ဂေရီနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထပ်တိုးလူနာသစ်အရေအတွက်သည် စံချိန်တင်အဖြစ် ၁,၃၇၄ ဦး ရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၃၆,၅၉၆ ဦး၊ စုစုပေါင်း သေဆုံးသူ ၉၃၃ ဦးနှင့် ရောဂါသက်သာပျောက်ကင်းသူ ၉,၆၈၃ ဦး ရှိကြောင်း ဟန်ဂေရီ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးစင်တာက အောက်တိုဘာ ၁၀ ရက်တွင် ကြေညာခဲ့သည်။
ကနေဒါနိုင်ငံတွင် အောက်တိုဘာ ၉ ရက်က ထပ်တိုးလူနာ ၂,၅၅၈ ဦး ရှိရာ ၎င်းမှာ ကပ်ရောဂါကာလ တစ်ရက်အတွင်း အတည်ပြုလူနာအရေအတွက် အများဆုံး စံချိန် ဖြစ်ကြောင်း ကနေဒါ ရုပ်မြင်သံကြားက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုအချိန်အထိ ကနေဒါနိုင်ငံတွင် စုစုပေါင်း အတည်ပြုလူနာ ၁၇၈,၁၁၇ ဦး ၊ စုစုပေါင်းသေဆုံးသူ ၉,၅၈၅ ဦး ရှိကြောင်း သိရသည်။
ရိုမေးနီးယားနိုင်ငံတွင် ကပ်ရောဂါကာလ တစ်ရက်အတွင်း ထပ်တိုးလူနာ အများဆုံး စံချိန်အဖြစ် ပြီးခဲ့သည့် ၂၄ နာရီအတွင်း လူနာသစ် ၃,၅၁၇ ဦး ထပ်တိုးလာရာ စုစုပေါင်း အတည်ပြုလူနာ ၁၅၂,၄၀၃ ဦး ၊ ထပ်တိုး သေဆုံးသူ ၅၉ ဦးနှင့် စုစုပေါင်း သေဆုံးသူ ၅,၃၅၈ ဦး ရှိကြောင်း ရိုမေးနီးယားနိုင်ငံ အစိုးရဝဘ်ဆိုက်၏ အောက်တိုဘာ ၁၀ ရက် ထုတ်ပြန်ချက်များအရ သိရသည်။
နီပေါနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း လူနာသစ် ၅,၀၀၈ ဦး ထပ်တိုးလာရာ ကပ်ရောဂါကာလ တစ်ရက်အတွင်း ထပ်တိုးလူနာဦးရေအများဆုံးစံချိန်သစ် ထပ်တင်ခဲ့ကြောင်း နီပေါ ကျန်းမာရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အောက်တိုဘာ ၁၀ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
အီရတ်နိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၄ သိန်းကျော်ရှိပြီဖြစ်ကြောင်း အီရတ် ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၀ ရက် ထုတ်ပြန်ချက်များအရ သိရသည်။ အပူချိန်ကျလာခြင်း၊ ဘာသာရေးလှုပ်ရှားမှုများရှိခြင်းကြောင့် ဆောင်းရာသီကာလတွင် ကိုဗစ် နောက်ထပ်လှိုင်းသစ်ကို ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း ကျန်းမာရေးဝန်ထမ်းအရာရှိတစ်ဦးက ဆိုသည်။
ပြင်သစ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း စံချိန်သစ်အဖြစ် ကိုဗစ်လူနာသစ် ၂၆,၈၉၆ ဦး ရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၇၁၈,၈၇၃ ဦး ရှိကြောင်း ပြင်သစ် ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၀ ရက် ထုတ်ပြန်ချက်များအရ သိရသည်။
အမေရိကန်နိုင်ငံ ယူးတား၊ ၀စ္စကွန်းဆင်း၊ မီချီဂန်ပြည်နယ်များရှိ မြွေပါမွေးမြူရေးခြံများတွင် ကိုဗစ်ရောဂါဖြစ်ပွားခဲ့ရာ မြွေပါ ၁ သောင်းကျော် သေဆုံးခဲ့ကြောင်း ယင်းပြည်နယ် လယ်ယာစိုက်ပျိုးရေးဌာနများက ပြီးခဲ့သည့်ရက်များတွင် အတည်ပြုပြောကြားခဲ့သည်။
တရုတ်နိုင်ငံအစိုးရမှ ဘရာဇီးနိုင်ငံသို့ ကူညီပေးအပ်သည့် ဒုတိယအသုတ် ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်း လွှဲပြောင်းပေးပွဲအခမ်းအနားကို အောက်တိုဘာ ၉ ရက်က ဘရာဇီးလီးယားတွင် ကျင်းပခဲ့ရာ ဘရားဇီးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ယန်ဝမ့်မျင်၊ ဘရာဇီးနိုင်ငံ ပြည်ပရေးရာအရာရှိ နာရှီမန်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)