Connect with us

WORLD

ထရမ့်က ၎င်းသည် ကိုရိုနာဗိုင်းရပ်စ်ကို “ခံနိုင်‌ရည်” ရှိကြောင်းပြောကြား

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

ဆေးဘက်ဆိုင်ရာသုတေသနပြုချက်အရ ဗိုင်းရပ်စ်သည် တစ်ဖန်ပြန်လည် ကူးစက်မှု ဖြစ်ပေါ်နိုင်ကြောင်း အကြံပြုထားစဉ်အတွင်းမှာပင် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အား ယခုအခါ“ ခံနိုင်ရည်” ရှိသွားပြီဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ ကြည့်ရတာတော့ ကျွန်တော်ဟာ ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိသွားသလိုပဲ ၊ ဒါကြောင့်ကျွန်တော် အပြင်သွားလို့ရပြီပေါ့” ဟု Fox News သတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံးမေးမြန်းမှုတစ်ခုတွင် ထရမ့်က ထည့်သွင်းပြောကြားခဲ့သည်။
“ ကျွန်တော်က ခံနိုင်ရည် ရှိသွားသလိုပေါ့ ၊ ဒါဟာ ကာလတို တစ်ခုအတွက်လား ကာလရှည်တစ်ခုအတွက်လားဆိုတာတော့ ကျွန်တော်မသိပါဘူး ၊ တစ်သက်လုံး အတွက်လည်းဖြစ်နိုင်တာပဲလေ၊ ဘယ်သူမှလည်း တကယ်မသိနိုင်ပါဘူး” ဟု ထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။

အိမ်ဖြူတော်သမားတော် Sean Conley က သမ္မတထရမ့်သည် အောက်တိုဘာ ၁ ရက်က COVID-19 ရောဂါကူးစက်ခံရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ ဆေးရုံတွင် သုံးရက်ကြာ တက်ရောက်ကုသမှုခံယူပြီးနောက် အိမ်ဖြူတော်သို့ပြန်လာကာ ကုသမှု ဆက်လက်ခံယူခဲ့ကြောင်း နှင့် ယင်းမှာ အခြားသူများအား ကူးစက်နိုင်သည့် အန္တရာယ်မရှိတော့ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

သို့သော်လည်း Conley သည် ထရမ့်အနေဖြင့် မည်သည့်အချိန်က COVID-19 ရောဂါ negative အဖြေရလဒ် ထွက်ပေါ်ခဲ့ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။
စက်တင်ဘာလက ထုတ်ဝေခဲ့သည့် Nature ဆေးပညာဂျာနယ်၏ လေ့လာမှုတစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ်မှ ပြန်လည်နလံထူကောင်းမွန်လာခြင်းသည် တစ်သက်တာလုံး ဗိုင်းရပ်စ် ခံနိုင်ရည် ရှိသွားပြီဟု အဓိပ္ပါယ် ဖွင့်ဆို၍ မရကြောင်း ရေးသားဖော်ပြထားသည်။ထရမ့်အနေဖြင့် ရောဂါ မကူးစက်ခံရမီ နှင့် ကူးစက်ခံရပြီးနောက်တွင် သမ္မတအိမ်ဖြူတော်ရှိ ဝန်ထမ်းများစွာသည် ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း သိရသည်။(Xinhua)