Culture & Entertainment
ကမ္ဘာ့အံ့ဖွယ်တံတား (၁၀) စင်းတွင် ပါဝင်သော ဂုတ်ထိပ်တံတားသို့ သွားရောက်လေ့လာနိုင်မည့် ခရီးစဉ် မြန်မာ့ မီးရထားစတင်
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)
ကမ္ဘာ့ အံ့ဖွယ်တံတား (၁၀) စင်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဂုတ်ထိပ်တံတား သို့ စင်းလုံးငှား ရထားဖြင့် သွားရောက် လေ့လာနိုင်မည့်ခရီးစဉ်တစ်ခုကို မြန်မာ့မီးရထားမှ ဖေဖော်ဝါရီလ အတွင်း စတင် ပြေးဆွဲ နေပြီဟု သတင်းထုတ်ပြန်သည်။
အဆိုပါ စင်းလုံးငှားရထား ပြေးဆွဲသည့်ခရီးစဉ်ကို မြန်မာ့မီးရထားပိုင် RC – 110 ရထားဖြင့် ပြေးဆွဲခြင်းဖြစ်ပြီး မန္တလေး၊ လားရှိုး ရထားလမ်းပိုင်းရှိ ဂုတ်ထိပ်တံတားသို့ သွားရောက်လေ့လာနိုင်မည် ဖြစ်သည်။ ရထား တစ်တွဲလျှင်ထိုင်ခုံ (၂၀) ပါရှိမည်ဖြစ်ပြီး၊ နောင်ချိုဘူတာမှ နောင်ပိန်ဘူတာအထိ လမ်းခရီး (၁၆) မိုင်အတွက် ခုတ်မောင်းချိန် (၁) နာရီ (၁၅) မိနစ်ကြာမြင့်မည်ဖြစ်သည်။ ဂုတ်ထိပ်တံတား၏ တစ်ဖက်တစ်ချက်စီတွင် (၁၀) မိနစ်ရပ်နား ပေးမည်ဖြစ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ခြင်း ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
“ဂုတ်ထိပ်တံတားကိုသီးသန့်သွားရောက်ကြည့်ရှုလိုတဲ့ ခရီးသည်များအတွက် အဓိက ရည်ရွယ်ထားတာပါ’’ ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
နှစ်ပေါင်းတစ်ရာကျော်ရှိပြီဖြစ်သည့် မန္တလေး၊ လားရှိုးရထားလမ်းပေါ်ရှိ နာမည်ကျော် ဂုတ်ထိပ်တံတားသည် အရှည်ပေ နှစ်ထောင့်နှစ်ရာ့ခြောက်ဆယ် ရှိပြီး အခြားသော တံတားကြီးများ ကဲ့သို့မြစ်ချောင်းများကို ဖြတ်၍ဖောက်လုပ်ခြင်းမဟုတ်ဘဲ ပေ (၃၀ဝ) ကျော် မတ်စောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်ကာ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။
ဂုတ်ထိပ်တံတားသည် ကမ္ဘာ့အံ့ဖွယ်တံတား (၁၀) စင်းတွင်ပါဝင်ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်တစား သွားရောက်လေ့လာကြသော နေရာတစ်ခု ဖြစ်ကြောင်းသိရသည်။ (Xinhua)