Connect with us

Education & Health

အားကစား တိုးတက်ရေး အကြံပေးရာတွင် ထိန်ချန်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောရန် ဝန်ကြီးတိုက်တွန်း

ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးအမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

၁၁ နိုင်ငံ ဝင်ရောက် ယှဉ်ပြိုင်သည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ယမန်နှစ်ကအတိုင်း အဆင့် (၇) တွင် ပုံမှန်အတိုင်း ရပ်တံ့လျက်ရှိသော မြန်မာနိုင်ငံ၏ အားကစား ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြံပေး ဆွေးနွေးကြရာတွင် မည်သည့် ထိန်ချန်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောကြားရန် ပြည်ထောင်စု ဝန်ကြီးက ယနေ့တိုက်တွန်းလိုက်သည်။

“ကျွန်တော်တို့ ဘက်က ပံ့ပိုးမှု နည်းလို့လား၊ အဖွဲ့ချုပ်က ပံ့ပိုးမှုနည်းလို့လား၊ တခြား Factor တွေကြောင့်လား ပြောစေချင်တယ်။ အဲဒီအခက်အခဲတွေ ပေါ်လာသော်လည်း ကျွန်တော်တို့ချည်းပဲ ဖြေရှင်းလို့ ရချင်မှ ရမယ်၊ တခြား ဝန်ကြီးဌာနတွေနဲ့လည်း ပတ်သက်နေတယ်၊ တိုင်းပြည်ရဲ့ စီးပွားရေး နိုင်ငံရေး အခြေအနေတွေနဲ့ အကုန်လုံး ပတ်သက်နေတယ်။ ဒါပေမယ့် ဖြစ်နိုင်သမျှ အားလုံးက ပေါင်းပြီး လုပ်ကြရမှာ။ ဒါတွေနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်သင့်တယ်ဆိုတာ ပြောကြပါ၊ အားမနာတမ်း ပွင့်ပွင့်လင်းလင်း ပြောကြပါ၊ ထိန်ချန်ထားလို့ မရပါဘူး” ဟု ယနေ့ မွန်းလွဲ ၂ း ၀၀ နာရီတွင် နေပြည်တော် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးရုံး၌ ပြုလုပ်ခဲ့သည့် (၂၉)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များနှင့် ဝန်ကြီး ဌာနတို့ သုံးသပ် ညှိနှိုင်း အစည်းအဝေးတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေများအား အရှိကို အရှိအတိုင်း ပြောကြရန်၊ ဝန်ကြီးဌာနလက်မှ လိုအပ်ချက်များ ရှိရင်လည်း ပြောကြရန်နှင့် ထိုသို့ ပြောခြင်းမှာ အပြစ်ရှာခြင်း မဟုတ်ဘဲ အဖြေရှာခြင်းသာ ဖြစ် ကြောင်း၊ အကယ်၍ အများရှေ့တွင် ပြော၍ မဖြစ်နိုင်သည့် အခြေအနေဆိုးများ ရှိနေလျှင်လည်း မိမိထံ တိုက်ရိုက် ပြောကြားစေလိုကြောင်း ဝန်ကြီးက တိုက်တွန်း ခဲ့သည်။

အဆိုပါညှိနှိုင်း အစ်းအဝေးသို့ ဝန်ကြီးဌာနမှ အရာရှိကြီးများနှင့်အတူ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ် ဥက္ကဌများ တက်ရောက်ခဲ့ကြပြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဆိုင်ရာများကို အကျဉ်းချုပ် တင်ပြခြင်း၊ အားကစား အဖွဲ့ချုပ် ဥက္ကဌများက ဆွေးနွေးတင်ပြခြင်း၊ အား / ကာ ဒုတိယ ညန်ကြားရေးမှူးချုပ် ဦးသက်လွင်က အကြံပြု တင်ပြခြင်း၊ အထွေထွေ ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အားကစားအဖွဲ့သည် အားကစားနည်း ၂၉ နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၂ နည်းတို့၌ အားကစားသမား ၉၅ ဦးတို့က ရွှေ ခုနစ်ခု၊ ငွေ ၁၀ ခု၊ ကြေး ၂၁ ခု စုစုပေါင်း ၃၇ ဆု ရရှိခဲ့ကြပြီး ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဂုဏ် ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) တွင် ပြုလုပ်ခဲ့ရာ အားကစား သမား ၉၅ ဦးတို့အတွက် စုစုပေါင်း ချီးမြှင့်ငွေ ကျပ်သိန်း ၁၈၆၈ သိန်း ရှိကြောင်း၊ အဆိုပါ ဆုပေးပွဲ၏ Sponsor ဖြစ်သည့် 100 Plus ကလည်း ရွှေတံဆိပ် ဆုရှင် တစ်ဦး လျှင် ငါးသိန်းကျပ်၊ ငွေတံဆိပ်ဆုရှင် တစ်ဦး – နှစ်သိန်းကျပ်နှင့် ကြေးတံဆိပ် ဆုရှင် တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထပ်လောင်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)