Connect with us

Education & Health

မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားသူ မတွေ့ရှိသေးဟု ကျန်းမာရေး ဝန်ကြီးဆို

အဆုတ်ရောင် ရောဂါ Novel Coronavirus နှင့် ပတ်သက်၍ လေဆိပ်၌ စောင့်ကြပ် ကြည့်ရှုမှုများအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar CDC)

နေပြည်တော် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ယခုထိ အဆုတ်ရောင်ရောဂါ Novel Coronavirus (2019-nCoV) ဖြစ်ပွားသူ မတွေ့ရှိသေးကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ နေပြည်တော်၌ ပြုလုပ်သော ရောဂါ ကြိုတင် ကာကွယ် နှိမ်နှင်းရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အပြီးတွင် မီဒီယာ တစ်ချို့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ ၅ ရက်နေ့ ကစပြီး သေချာ အကုန်လုပ်နေတယ် ။ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းပေါ့ ။ မူဆယ် ၊ ရန်ကုန်၊ မန္တလေး ၊ နေပြည်တော်မှာ သေသေချာချာ လုပ်တယ်။ အခုထိတစ်ယောက်မှမတွေ့သေးဘူး ။ မတွေ့သော်ငြား လည်း ကောင်းကောင်း မွန်မွန် ပြင်ဆင် ထားတယ်”ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသည် တရုတ် နိုင်ငံ ၊ ဝူဟန်မြို့၌ ဖြစ်ပွားလျက် ရှိသော 2019 Novel Coronavirus(2019-nCoV) ကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင် ရောဂါနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများ ၊ လေဆိပ် ၊ ရေဆိပ် နှင့် နယ်စပ် ဝင်/ထွက်ပေါက်များ ၊ အထူးသဖြင့် တရုတ် နိုင်ငံ နှင့် ထိစပ်နေသော နယ်စပ် ဝင်/ထွက်ပေါက်များတွင် အဖျား ရောဂါ နှင့် တုပ်ကွေးဆန်သော ရောဂါ လက္ခဏာများ စောင့်ကြပ် ကြည့်ရှုခြင်း နှင့် တုံ့ပြန် ဆောင်ရွက်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ 2019 Novel Coronavirus(2019-nCoV) ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ တရားဝင် Website (www.mohs.gov.mm) နှင့် Myanmar CDC Facebook Page (fb.me/MyanmarCDC) တို့မှ တစ်ဆင့် ထုတ်ပြန်သွားမည် ဖြစ်ပြီး ပြည်သူများ အနေဖြင့်လည်း ထုတ်ပြန်သော ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာ ဆောင်ရွက်ကြရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ တိုက်တွန်း နှိုးဆော်ထားသည်။ (Xinhua)