Connect with us

Education & Health

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ စစ်ဆေးတွေ့ရှိခဲ့သည့် ဖျားနာခရီးသည်ကို ဝေဘာဂီ အထူးကု ဆေးရုံ၌ စောင့်ကြည့် လူနာအဖြစ် သတ်မှတ်ထားရှိကြောင်း ဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

၁ရန်ကုန် ၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) 

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ စစ်ဆေးတွေ့ရှိခဲ့သည့် ဖျားနာခရီးသည်တစ်ဦးကို ဝေဘာဂီအထူးကုဆေးရုံ ရှိ သီးခြားခန်း (isolation room)သို့ ပို့ဆောင်ထားရှိပြီး လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့် အညီ စောင့်ကြည့်လူနာ  (person under investigation for 2019 nCoV pneumonia) အဖြစ် သတ်မှတ်ထားရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ၊ ကွမ်ကျိုး လေဆိပ်မှ ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ လေယာဉ် အမျိုးအစား A-319၊ လေယာဉ်အမှတ် B-6208 ဖြင့် လိုက်ပါလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသားခရီးသည် တစ်ဦးတွင် ကိုယ်ပူချိန်အနည်းငယ် မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ စစ်ဆေးတွေ့ရှိရကြောင်း သတင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက် ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက “ဝေဘာဂီ ဆေးရုံမှာ လက်ရှိ သံသယ လူနာ အဖြစ် ရောက်ရှိနေတဲ့ တရုတ် နိုင်ငံသားကတော့ အခု လက်ရှိမှာတော့ အကုန်လုံး ကောင်းပါတယ်။ သွေးပေါင်လဲ ကောင်းပါတယ်။ Oxygen Situation လဲ ကောင်းပါတယ်။ သူရဲ့ အသက်ရှုနှုန်းလဲ ကောင်းပါတယ်။ ဒါပေမယ့် ချောင်းဆိုးတာတွေ ၊ နှာစေးတာတွေ ရှိတယ်ပေါ့နော်။ အဖျားကတော့ နည်းနည်းတော့ ကျသွားပြီ ဆိုပေမယ့် ကျွန်မတို့တော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။အဆိုပါခရီးသည်ထံမှ ဓာတ်ခွဲနမူနာရယူ၍ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

“ဒီလူနာကကြတော့ သံသယ လူနာ ဖြစ်ပါတယ်။ သံသယ လူနာ ဖြစ်တဲ့ အတွက်ကြောင့် ဆေးရုံမှာ သူရဲ့ symptom တွေ ၊ ချောင်းဆိုးတာ ၊ ဖျားတာ ၊ နှာစေးတာ ၊ သူရဲ့ ရောဂါ လက္ခဏာတွေကို သက်သာအောင် ကျွန်မတို့ ကုသပေးမယ်။ ဒီကြားထဲမှာ သူဆီကနေပြီးတော့ sample တွေကို ရယူပြီးတော့ reference lab ဘန်ကောက်ကို ပို့ပြီး စစ်ဆေးမယ်။ စစ်ဆေးတဲ့ ရလဒ် အပေါ် မူတည်ပါတယ်။ သူကို ၁၄ ရက်လား ၊ တစ်လလား ဆိုတာ ဘယ်သူမှ ပြောလို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ ထိုင်းကနေပြီး စစ်ဆေးလိုက်ပြီ ။ မဟုတ်ဘူး ဆိုရင် ပြီးပြီပေါ့။ ဟုတ်တယ် ဆိုလို့ ရှိရင် ကျွန်မတို့ အနေနဲ့ ဆက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။”ဟု ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောကြားခဲ့သည်။ 

ထို့အတူ ယင်းလေယာဉ်ဖြင့် လိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် နှစ်ဦးတွင် ကိုယ်ပူခြင်း ၊ ဖျားနာခြင်း စသည့် ရောဂါလက္ခဏာ တစ်စုံတစ်ရာ မရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင် ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျ စောင့်ကြပ်ကြည့်ရှု (quarantine) လျက်ရှိကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ယင်းလေယာဉ်ဖြင့် လိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် နှစ်ဦးမှာ သံသယ ဖြစ်ဖွယ် မရှိဘဲ သံသယ လူနာနှင့် လေယာဉ် တစ်စီးတည်း စီးခဲ့ခြင်းသာ ရှိကြောင်း ၊ ၎င်းတို့ကို ရက်သတ္တပတ် နှစ်ပတ် စောင့်ကြပ်ကြည့်ရှု (quarantine) မည် ဖြစ်ကြောင်း ၊ ဝေဘာဂီ ဆေးရုံ၌ စောင့်ကြပ် ကြည့်ရှုရန် အခန်းများ စီစဉ် ထားရှိထားကြောင်း ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောကြားခဲ့သည်။

ကျန်ရှိသည့် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများသည် ပြည်တွင်းသို့ ဝင်ရောက်ခြင်းမရှိဘဲ ယင်းလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ယနေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ပြန်လည် ထွက်ခွာသွားကြကြောင်း သိရသည်။ (Xinhua)