Connect with us

Education & Health

  သမိုင်းအစဉ်အလာကြီးမားသော နိုင်ငံ့ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပြီ

ရန်ကုန်တက္ကသိုလ်ရှေ့၌ ရာပြည့်သဘင် စာလုံးအား မီးအလှဆင် ထွန်းညှိထားသည်ကို ယနေ့ညတွင်တွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မြန်မာ့ပညာရေးသမိုင်းတွင် အစဉ်အလာကြီးမားခဲ့သော နိုင်ငံ့ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်သည် နှစ်ပေါင်း ၁၀၀ တင်းတင်း ပြည့်မြောက်ခဲ့သည့် သမိုင်းတွင် နေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။

ရန်ကုန်တက္ကသိုလ်သည် မြန်မာ့ပညာရေး၏ အခြေခံအုတ်မြစ် ၊ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၏ ဂုဏ်ရှိန်ကြီးမားသည့် အောင်မြေ နှင့် မြန်မာ့သမိုင်းအတွက် အဖိုးမဖြတ်နိုင်သော အသိပညာရှင်အတက် ပညာရှင်များစွာ မွေးဖွားရာ တက္ကသိုလ်ကြီးပင်ဖြစ်တော့သည်။

စစ်ကြိုခေတ်နှင့် လွတ်လပ်ရေး ရပြီးစ ကာလတို့တွင် ရန်ကုန်တက္ကသိုလ် ၏ ပညာအဆင့်အတန်းသည် အရှေ့တောင်အာရှတွင် ထိပ်တန်းတက္ကသိုလ် ဖြစ်ခဲ့ပြီး တက္ကသိုလ်၏ ပတ်ဝန်းကျင် နှင့် ဥပဓိရုပ်သည် အရှေ့တောင်အာရှတွင် အသာယာအလှပဆုံး အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ အာရှအဆင့်တွင် ထိပ်တန်းက ရပ်တည်နိုင်ခဲ့ခြင်းကြောင့် ရန်ကုန်တက္ကသိုလ်၌ အခြားအရှေ့တောင်အာရှနိုင်ငံများမှ ကျောင်းသူကျောင်းသားများ လာရောက် ပညာဆည်းပူးခဲ့ရသည်အထိ ဂုဏ်သတင်း ကျော်ဇောမွှေးပျံ့ခဲ့သည်။

“အကြောင်းအမျိုးမျိုးကြောင့် နောက်ပိုင်းကာလတွေမှာ ရန်ကုန်တက္ကသိုလ်ရဲ့အဆင့် ကျဆင်းခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်လည်အဆင့် မြှင့်တင်နိုင်ဖို့ ကျွန်မတို့အားလုံး အစွမ်းကုန် ဝိုင်းဝန်းကြိုးပမ်းနေပါတယ်။”ဟု ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် အခမ်းအနားတွင် သတင်းစကားပါး ပြောကြားခဲ့သည်။

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်တွင် စတင်ပေါ်ပေါက်လာခဲ့သည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် အခမ်းအနားကို စည်ကားခမ်းနားစွာ ကျင်းပရန် မူလက စီစဉ်ထားခဲ့သော်လည်း COVID-19 ကပ်ရောဂါ အခြေအနေတို့ကြောင့် ယနေ့ ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ နှင့် နိုင်ငံပိုင် ရုပ်သံမီဒီယာ ဖြစ်သည့် မြန်မာအသံ နှင့် ရုပ်မြင်သံကြား Studio-1 တို့တွင် ကြိုတင်ရိုက်ကူးထားသော အစီအစဉ် များကို Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရသည်။

မြန်မာနိုင်ငံ၌ သမိုင်းအစဉ်အလာ အကြီးမားဆုံး ရန်ကုန် တက္ကသိုလ်သည် မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးခဲ့သည့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ခေါင်းဆောင်ကြီးများ ၊ ကမ္ဘာ့လူသားအကျိုးပြု ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ကဲ့သို့သော ခေါင်းဆောင်များ ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ကဲ့သို့သော တိုင်းပြုပြည်ပြု ခေါင်းဆောင်များ နှင့် ပညာတတ် လူငယ်များစွာကို မွေးထုတ်ပေးခဲ့သည်။

“ကျွန်မတို့ရဲ့ နိုင်ငံခေတ်မီဖွံ့ဖြိုးတက်ဖို့ဆိုရင် ရန်ကုန်တက္ကသိုလ် အပါအဝင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်အသီးသီးမှာ အဆင့်မြင့်ပညာ ဆည်းပူးနေကြတဲ့ ကျောင်းသူ ၊ ကျောင်းသားတွေဟာ ပညာအရည်အသွေးမြင့်မားပြီး အမြော်အမြင်နဲ့ ဆင်ခြင်တုံတရား ပြည့်ဝတဲ့ လူသားကောင်းတွေ ဖြစ်လာစေဖို့ အရေးကြီးပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုဝမ်းမြောက်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် အခမ်းအနားအား Virtual Celebration စနစ်ဖြင့် ကျင်းပခဲ့ရာ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ပွဲတော် အမည်ရ တေးသီချင်းဖြင့် စတင်ခဲ့ပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ ဒုတိယသမ္မတ(၁) ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်တို့က Virtual စနစ်ဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ကလည်း ဝမ်းမြောက်စကားများ အသီးသီး ပြောကြားခဲ့ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရန်ကုန်တက္ကသိုလ်ကြီးကို နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ကြီး အဖြစ် ဖြစ်ထွန်း လာစေရေးနှင့် အမျိုးသား အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် တက္ကသိုလ်ဖြစ်စေရေး တို့ကို အားလုံး အတူတကွ ဝိုင်းဝန်းကြိုးပမ်း ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဟု ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် အခမ်းအနားမှတစ်ဆင့် ရာပြည့်ကာလတွင်သာမက ရှေ့ဆက်၍ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး အထူးအလေးပေးလုပ်ဆောင်သွားရန် ၊ အဆိုပါ လုပ်ငန်းစဉ်များ ခိုင်မာစွာ ဆောင်ရွက်နိုင်ရေး မဟာစီမံကိန်း(Master Plan) တစ်ခု ရေးဆွဲ အကောင်အထည်ဖော်ရန် နှင့် ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ တက္ကသိုလ် (Autonomous University) ဖြစ်စေရန် ရည်မှန်းချက်များ ချမှတ်၍ ဆောင်ရွက်နေသည်ဟုလည်း သိရသည်။

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အခါသမယသည် COVID-19 ရောဂါ ဖြစ်ပွားနေသောအချိန်အခါနှင့် တိုက်တိုက်ဆိုင်ဆိုင်ကြုံတွေ့နေရသည့်အခြေအနေအပေါ် သမိုင်းအထူးပြု ဘာသာရပ်ဖြင့် ပညာဆည်းပူးခဲ့သည့် ကျောင်းသားဟောင်း တစ်ဦး ဖြစ်သူ ဦးမြတ်ကျော်က “ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ပွဲတော်ကြီးက COVID-19 ကြောင့် ဆရာ/ဆရာမကြီးတွေ ၊ ကျောင်းသား/သူ အဟောင်း ၊ အသစ်တွေ စိတ်တိုင်းကျ မပျော်ရွှင်နိုင်ကြပါဘူး။ ဘယ်သူမဆို ကျောင်းဝင်းကြီးထဲ ရောက်ပြီး သူငယ်ချင်းတွေနဲ့ ပြန်ဆုံချင်ကြတယ်။ ပြန်ဆုံပြီဆိုရင်လည်း ရောက်နေတဲ့ အသက်တွေကို မေ့ထားပြီးတော့ ငယ်ငယ်ကအတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံကြမှာ အသေအချာပါပဲ။”ဟု ၎င်း၏ ခံစားချက်ကို ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားတွင် တက္ကသိုလ်ကြီးကို မြန်မာနိုင်ငံ၏ နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ထိန်းသိမ်း မြှင့်တင်နိုင်ရန် ၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့် လိုက်လျောညီထွေဖြစ်သည့် အရည်အသွေးရှိသော တက္ကသိုလ်ပညာရေး စနစ်ကို ဖော်ဆောင်နိုင်ရန် ၊ ပညာအခြေပြု လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းဆောင်ရည် ပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးရန် ၊ ထာဝရငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံး ညီညွတ်မှုကို ထိရောက်စွာ ဖော်ဆောင်နိုင်မယ့် ပညာရေးစနစ် တိုးတက် ဖြစ်ထွန်းလာစေရန် နှင့် နိုင်ငံကောင်းကျိုး ကမ္ဘာ့ကောင်းကျိုးကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံတကာ အဆင့်မီတက္ကသိုလ်အဖြစ် ဦးတည်အကောင်အထည်ဖော်နိုင်ရန် ဦးတည်ချက် ငါးရပ် ချမှတ်ခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ရန်ကုန်တက္ကသိုလ်ကြီးအား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်၍ (၁) ဆရာ၊ ဆရာမများ၊ ကျောင်း သား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှုနှင့် သုတေသန အရည်အသွေး တိုးတက်မြင့်မား လာစေရန် (၂) ကျောင်းသား၊ ကျောင်းသူများအား ကမ္ဘာ့နိုင်ငံအသီးသီးရှိ ယဉ်ကျေးမှုကွဲပြားသော ဝန်း ကျင်များ (Intercultural world) တွင် အံဝင်ခွင်ကျ ပြုမူဆောင်ရွက်တတ်စေရန် (၃) တက္ကသိုလ်၏ Global visibility မြင့်တက်လာစေရန် (၄) တက္ကသိုလ်နှင့် လူမှုအဖွဲ့အစည်းအကြား ချိတ်ဆက် ဆောင်ရွက်ခြင်း (University-Community Engagement) မှတစ်ဆင့် သင်ကြား ရေးနှင့် သုတေသန စွမ်းရည်မြင့်တက်ပြီး လူမှုအဖွဲ့အစည်း (ဒေသ)ကို အကျိုးပြုရန် ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

အဆိုပါ ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းနှင့် သင်တန်းသားဖလှယ်ခြင်းအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တက္ကသိုလ်သည် ဂျပန်၊ စင်ကာပူ၊ ဟန်ဂေရီ၊ ဂျာမနီ၊ အီတလီ၊ နော် ဝေး၊ အမေရိကန်၊ အင်္ဂလန်နိုင်ငံများရှိ တက္ကသိုလ်များနှင့် နားလည်မှုစာချွန်လွှာများ (Memorandum of Understanding – MoU)လက်မှတ်ရေးထိုးပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်ထိ MoU ၅၈ စောင် ရေးထိုးပြီးဖြစ်ကြောင်းလည်း သိရသည်။
“မြကျွန်းညို”ဟု တင်စားခေါ်ဝေါ်သည့် ရန်ကုန်တက္ကသိုလ်သည် ဧက ၄၀၀ ကျော် ကျယ်ဝန်းသည်။

မြန်မာနိုင်ငံ၌ ပေါ်ပေါက်လာခဲ့သော တက္ကသိုလ် အသီးသီးသည် ရန်ကုန်တက္ကသိုလ်မှတစ်ဆင့် ဆင့်ပွား ပေါက်ဖွားလာခြင်းဖြစ်ရာ ရန်ကုန်တက္ကသိုလ်ကြီးကို မြန်မာနိုင်ငံတက္ကသိုလ်အားလုံး၏ မိခင်တက္ကသိုလ်ကြီးဟူ၍ ခေါ်ဆိုနိုင်ပေသည်။

မည်သို့ဆိုစေကာမူ သာယာသော အင်းလျားကန်နောက်ခံ၊ ခံ့ညားသော ဘွဲ့နှင်း သဘင် အဆောက်အအုံ၊ သက်တမ်းရင့်သစ်ပုတ်ပင်၊ ဖြောင့်တန်းသော အဓိပတိလမ်း၊ စိမ်းလန်းကျယ်ဝန်းသော တက္ကသိုလ် နယ်မြေတို့ တည်ရှိသော မြန်မာနိုင်ငံ၏ ပထမဆုံးသော တက္ကသိုလ်ဖြစ်သည့် ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲသဘင် အချိန်ကာလ နှင့် ကြုံကြိုက်ခွင့် ရသည်မှာ ကြုံတောင့်ကြုံခဲ အခွင့်ထူး တစ်ရပ်ပင် ဖြစ်ပေတော့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.