Connect with us

Education & Health

ရန်ကုန်တက္ကသိုလ်အား နိုင်ငံတကာအဆင့်မီ တက္ကသိုလ်အဖြစ် ကမ္ဘာ့အလယ် တင့်တယ်ဝင့်ထည်စေရန် ဆက်လက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေမှုအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office )

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရန်ကုန်တက္ကသိုလ် အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံတကာအဆင့်မီ တက္ကသိုလ်အဖြစ် ကမ္ဘာ့အလယ်တွင် တင့်တယ်ဝင့်ထည်စေရန် အားလုံး အားသစ်အားမာန်များဖြင့် ဆက်လက်ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံရဲ့ ပထမဆုံးသော တက္ကသိုလ်ကြီးအဖြစ်နဲ့ ပေါ်ထွန်းလာခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံအတွက် သမိုင်းအစဉ်အလာ အကြီးမားဆုံး၊ ဂုဏ်ရှိန် အမြင့်မားဆုံး တက္ကသိုလ်ကြီးပဲ ဖြစ်ပါတယ်။ နိုင်ငံ့သမိုင်းရဲ့ တောင်းဆိုမှုအရ ရန်ကုန် တက္ကသိုလ်ကြီးဟာ မြန်မာ့ပညာရေး၊ မြန်မာ့နိုင်ငံရေးနဲ့ မြန်မာ့လွတ်လပ်ရေးတို့အတွက် ဆုံမှတ်တစ်ခု ဖြစ်ခဲ့ရပါတယ်။”ဟု ပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် Logo အား တွေ့ရစဉ်(ဓာတ်ပုံ – MOI)

လက်ရှိအချိန်တွင် ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်လည်အဆင့်မြှင့်တင်နိုင်ရန် အားလုံး အစွမ်းကုန် ဝိုင်းဝန်းကြိုးပမ်းနေကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။”ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလမှာ သာမက ရှေ့ဆက်ပြီးတော့လည်း ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေးကို အထူးအလေးပေးရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းစဉ် တွေကို ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီး မဟာစီမံကိန်း (Master Plan) တစ်ခု ရေးဆွဲ အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတဲ့ တက္ကသိုလ် (Autonomous University) ဖြစ်စေဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲ သဘင် အခမ်းအနားကို စည်ကားခမ်းနားစွာ ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း လတ်တလော ကမ္ဘာတစ်ဝန်း ကျရောက်နေသည့် COVID-19 ကပ်ရောဂါ အန္တရာယ်ဆိုးကြောင့် ကျန်းမာရေး ကန့်သတ်ချက်များကြားက အခြေအနေ ပေးသလောက်သာ ကျင်းပနိုင်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် အခမ်းအနားအား Virtual Celebration စနစ်ဖြင့် ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ ဒုတိယသမ္မတ(၁) ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်တို့က Virtual စနစ်ဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားအတွက် ဦးတည်ချက် ၅ ရပ် ချမှတ်ခဲ့ကြောင်း ၊ ယင်းဦးတည်ချက်များမှာ မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ထိန်းသိမ်း မြှင့်တင်နိုင်ရန် ၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့် လိုက်လျောညီထွေဖြစ်သည့် အရည်အသွေးရှိသော တက္ကသိုလ်ပညာရေး စနစ်ကို ဖော်ဆောင်နိုင်ရန် ၊ ပညာအခြေပြု လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းဆောင်ရည် ပြည့်ဝသော
လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးရန် ၊ ထာဝရငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံး ညီညွတ်မှုကို ထိရောက်စွာ ဖော်ဆောင်နိုင်မယ့် ပညာရေးစနစ် တိုးတက် ဖြစ်ထွန်းလာစေရန် နှင့် နိုင်ငံကောင်းကျိုး ကမ္ဘာ့ကောင်းကျိုးကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံတကာ အဆင့်မီတက္ကသိုလ်အဖြစ် ဦးတည်အကောင်အထည်ဖော်နိုင်ရန်တို့ ဖြစ်ကြောင်း သိရသည်။၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်တွင် စတင်ပေါ်ပေါက်လာခဲ့သည့် ရန်ကုန်တက္ကသိုလ်သည် ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်တွင် နှစ်ပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ (Xinhua)