Connect with us

Education & Health

ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သဝဏ်လွှာပေးပို့

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် Logo အား တွေ့ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ယနေ့ ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်သည့် ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းသဝဏ်လွှာထဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရန်ကုန်တက္ကသိုလ်ကြီးကို နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ကြီး အဖြစ် ဖြစ်ထွန်း လာစေရေးနှင့် အမျိုးသား အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် တက္ကသိုလ်ဖြစ်စေရေး တို့ကို အားလုံး အတူတကွ ဝိုင်းဝန်းကြိုးပမ်း ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ရန်ကုန် တက္ကသိုလ်သည် မြန်မာ့ပညာရေး၏ အခြေခံ အုတ်မြစ်ပင်ဖြစ်ကြောင်း ၊ ရန်ကုန်တက္ကသိုလ်သည် မြန်မာ့ ပညာရေး ကြိုးပမ်းမှု သမိုင်းကြောင်း၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းတို့နှင့် ယှဉ်တွဲဖြစ်ပေါ် လျက်ရှိသည့် ကောင်းမြတ်သည့် သမိုင်းကြောင်း၊ ကြီးမြတ်သည့်အစဉ်အလာတို့ရှိသည့်အတွက် ယနေ့နှစ်ပေါင်း တစ်ရာသည်သာမက နောင်နှစ်ရာပေါင်း များစွာ၊ ထောင်ပေါင်းများစွာ တိုင်အောင် ဂုဏ်သိက္ခာမြင့်မြင့် ကျက်သရေ မင်္ဂလာတင့်တင့်ဖြင့် ပြည့်စုံဝေဖြာနိုင်ပါစေကြောင်း ၊ အမိရန်ကုန် တက္ကသိုလ်ကြီး အဓွန့်ရှည်တည် တံ့ပါစေကြောင်း ဆန္ဒပြု ဆုတောင်းရင်း သဝဏ်လွှာ ပါးအပ်လိုက်ဖြစ်သည်ဟု ထည့်သွင်း ဖော်ပြထားသည်။

ရန်ကုန်တက္ကသိုလ်သည် အင်္ဂလန်နိုင်ငံတက္ကသိုလ်များ၏ စံချိန်စံညွှန်းအတိုင်း ဖွဲ့စည်းထားခြင်း၊ အရည်အသွေးမြင့် မားသော ဆရာများက ပို့ချခြင်း စသည့် အင်္ဂါရပ်များကြောင့် ပညာဝန်းကျင် ကောင်းတစ်ခုဖြစ်ခဲ့ရာ စစ်ကြို ခေတ်နှင့် လွတ်လပ်ရေးရပြီး စကာလများတွင် ပညာရည်အားဖြင့် အရှေ့တောင် အာရှတွင် အကောင်းဆုံး ဖြစ်ခဲ့ရကြောင်း ၊ တက္ကသိုလ်၏ ဥပဓိရုပ်သည်လည်း သာယာသော အင်းလျားကန်နောက်ခံ၊ ခံ့ညားသော ဘွဲ့နှင်း သဘင် အဆောက်အအုံ၊ သက်တမ်းရင့်သစ်ပုပ်ပင်၊ ဖြောင့်တန်းသော အဓိပတိလမ်း၊ စိမ်းလန်းကျယ်ဝန်းသော တက္ကသိုလ် နယ်မြေတို့ကြောင့် အရှေ့တောင် အာရှ၏ အကောင်းဆုံး တက္ကသိုလ်ဖြစ်ခဲ့ပြီး အာရှအဆင့် တွင်လည်း ထိပ်တန်းမှ ရပ်တည်နိုင်ခဲ့ခြင်းကြောင့် အခြားအာရှနိုင်ငံများကပါ အားကျအတုယူစရာ၊ လာရောက်ပညာ ဆည်း ပူးရာ ကျောင်းတော်ကြီး ဖြစ်ခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

မြန်မာအမျိုးသားရေး ကြိုးပမ်းမှုသမိုင်းတွင် ရန်ကုန် တက္ကသိုလ်၏အခန်းကဏ္ဍသည် တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့ကြောင်း ၊ မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်း ပေးနိုင်မည့် မျိုးချစ်စိတ်ဓာတ်၊ ဇွဲမာန်သတ္တိအပြည့်အဝရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော ပုဂ္ဂိုလ်မျိုး၊ တိုင်းကျိုးပြည်ပြုခေါင်းဆောင်များဖြစ်ကြသည့် ဝန်ကြီးချုပ် ဦးနု၊ အာဇာနည်ခေါင်းဆောင် ဦးရာဇတ်၊ နန်းရင်းဝန် ဒေါက်တာဘမော် စသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံ့ဂုဏ်ဆောင် အမျိုးသားစာဆိုကြီးများ ပညာရှင်များဖြစ်ကြသည့် စာရေး ဆရာကြီး ဇော်ဂျီ၊ မင်းသုဝဏ်၊ ပညာမင်းကြီးဦးကောင်း၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မြန်မာစာပညာရှင် ဒေါက်တာလှဘေ၊ ဥပဒေပညာရှင် ဒေါက်တာဘဟန် စသည့် တိုင်းကျိုးပြည်ပြု ခေါင်းဆောင်များနှင့် ပညာတတ် လူငယ်များစွာ မွေးထုတ်ပေးနိုင်ခဲ့ သကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင် နိုင်ငံရေးသမား ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဦးသန့် ကဲ့သို့ ကမ္ဘာ့လူသား အကျိုးပြု ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ခဲ့သည့် အောင်မြေဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

နိုင်ငံ တစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် ပညာရေးသည် အဓိကကဏ္ဍမှ ပါဝင်နေကြောင်း ၊ ၁၉၉၄ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ်တွင် ပါရဂူသင်တန်းများကို စတင်ဖွင့်လှစ် သင်ကြား နိုင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဓာတုဗေဒအထူးပြု ဘာသာရပ်မှ စတင်ကာ ပါရဂူဘွဲ့ ချီးမြှင့်အပ်နှင်းနိုင်ခဲ့ခြင်းဖြင့် ပညာရေး သမိုင်းသစ်ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း ၊ နိုင်ငံတော်အနေဖြင့် ၂ဝ၁၄ခုနှစ်၊ စက်တင်ဘာလတွင် အမျိုးသား ပညာရေး ဥပဒေအားအတည်ပြုနိုင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ထပ်မံ အတည်ပြု ပေးနိုင်ခဲ့ကြောင်း ၊ ထိုသို့ ပြင်ဆင်ခဲ့သည့် အမျိုးသားပညာရေး ဥပဒေအရ မြန်မာ့ပညာရေး စနစ်သည် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့် လိုက်လျော ညီထွေ ဖြစ် အောင် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

မြန်မာ့ ပညာရေး၏ ရှေ့ဆောင်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်တို့၏ ရှေးဦးအစ ဖြစ်သော ရန်ကုန် တက္ကသိုလ်ကြီးသည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် စတင်မွေးဖွားခဲ့ပြီး ယနေ့ ၂ဝ၂ဝ ပြည့် နှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် နှစ်ပေါင်း ၁ဝဝ ပြည့်မြောက်ပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.