Environment, Disasters & Accidents
တောင်သမန်အင်း တာရိုးပေါက်၍ အင်းရေထိန်းတံခါးများ ဖွင့်လိုက်ရသဖြင့် ရေများမြင့်တက်လာပြီး အင်းအနီးနေထိုင်သူများ အရေးပေါ်ပြောင်းရွှေ့
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်း တာရိုးပေါက်၍ အင်းရေထိန်းတံခါးကို ဖွင့်လိုက်ရသဖြင့် အင်းအနီးနေထိုင်သူများ အရေးပေါ်ပြောင်းရွှေ့ပေးနေရကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တောင်သမန်အင်း တာရိုးပေါက်သွားပြီး အင်းရေထိန်းတံခါးများကို ၆လက်မခန့်ဖွင့်ရကြောင်း၊ ယင်းရေထိန်းတံခါးများမဖွင့်လျှင် ပိုမို အန္တရာယ်ရှိနိုင်ကြောင်း ၎င်းကဆိုသည်။
တောင်သမန်ကန်ပတ်လမ်း ပြည်ကြီးတံခွန်မြို့နယ် နံ့သာရပ်ကွက်အနီးတွင် အိမ်ခြေ ၇၀၀ခန့်ကို သက်ဆိုင်ရာ အာဏာပိုင်များ စုပေါင်း ပြောင်းရွှေ့ထားရကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
တောင်သမန်အင်းအတွင်း ဖြတ်သန်းသွားလာခွင့်ကို ယနေ့မှ စ၍ ပိတ်လိုက်ပြီး အဆိုပါ တောင်သမန်အင်းရေ မြင့်တက်မှုကြောင့် ရတနာပုံတက္ကသိုလ်အတွင်း ရေများဝင်ရောက်လာသဖြင့် တက္ကသိုလ်ခေတ္တပိတ်ထားလိုက်သည်။
တောင်သမန်အင်းရှိ ဦးပိန်တံတား မြစ်ရေမြင့်တက်နေမှုကို ဇူလိုင် ၃၁ရက်နေ့ ညနေက မြင်တွေ့ရစဉ်(ဆင်ဟွာ)
“တောင်သမန်အင်းက ဦးပိန်တံတား နိမ့်တဲ့အပိုင်းတွေတော့ ရေထိနေပြီ၊ မြင့်တဲ့နေရာတွေကတော့ ရေလွတ်သေးတယ်၊ ရေဒီထက်တက်ရင်တော့ မြှပ်သွားနိုင်တယ်”ဟု ဦးပိန်တံတားအနီး နေထိုင်သူတစ်ဦးက ဆိုသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မြစ်ရေတိုးလာမှုများကြောင့် နေအိမ်၊ လမ်းများ၊ ကျောင်းများ ရေနစ်မြှပ်နေမှု အများအပြားဖြစ်ပွားနေပြီး ရေဘေးလွတ်ရာများသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီမြစ်ရေသည် သပိတ်ကျဉ်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ညောင်ဦး၊ ဟင်္သာတ၊ဇလွန် မြို့များတွင် လည်းကောင်း၊ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်း၊ ဖေါင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ မြို့များတွင်လည်းကောင်း၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင်လည်းကောင်း၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင်လည်းကောင်း၊ အဆိုပါမြို့များအသီးသီးတို့၏ စိုးရိမ်ရေအမှတ်များကို ကျော်လွန်ရောက်ရှိ နေကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ပြောသည်။
ဧရာဝတီမြစ်ရေသည် မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ မြို့များတွင် လည်းကောင်း၊ သံလွင်မြစ်ရေသည် ဘားအံမြို တွင်လည် းကောင်း နောက်(၂)ရက်အတွင်း အဆိုပါမြို့များ၏ စိုးရိမ်ရေအမှတ်များဆီသို့ ရောက်ရှိကျော်လွန်သွားနိုင်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါမြစ်ရေများသည် လာမည့်၂ရက်အတွင်း စိုးရိမ်ရေအမှတ်များအောက် ပြန်လည်ကျ ဆင်းဖွယ်ရာ မရှိသေးဘဲ စိုးရိမ်ရေအမှတ်များ၏ အထက်တွင် ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်း ဦးထွန်းလွင်က ပြောသည်။(Xinhua)