Connect with us

Environment, Disasters & Accidents

ပုသိမ်-ချောင်းသာလမ်းတွင် ကားမီးလောင်ပြီး ကလေးငယ် ၂ဦးအပါအဝင် လူ ၇ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်-ချောင်းသာ ကားလမ်းပေါ်တွင် မတ်လ ၁၉ ရက် မွန်းလွဲပိုင်းက ယာဥ်တိုက်မှုဖြစ်ပြီး အိမ်စီးကားတစီး မီးလောင်ကာ ကလေးငယ် ၂ဦး အပါအဝင် လူ ၇ ဦးသေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။“ကားမီးလောင်တဲ့ လူတွေရဲ့ မိသားစုဝင်တွေနဲ့ လွန်ခဲ့တဲ့ ၁နာရီကျော်လောက်က အဆက်အသွယ်ရပါပြီ၊ တိုက်မိတဲ့ တစ်ဘက်ယာဉ်က ပွန်းပဲ့ရုံပဲ ဒဏ်ရာရခဲ့တယ်၊ အဲဒီခရီးသည်ယာဉ်ပေါ်ကလူတွေလည်း မီးလောင်နေတာ မြင်တော့ ဆင်းပြီး တံခါးဖွင့်တယ် ဖွင့်မရခဲ့ဘူးပြောတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ကျ အရာရှိတစ်ဦးက ဆိုသည်။

ပုသိမ်-ချောင်းသာလမ်းတွင် ကားမီးလောင်ပြီး လူသေဆုံးမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ-စေတနာရှင်ဘက်စုံပရဟိတလူငယ်အသင်း)

ကံထူးအောင် မှန်လုံကားနှင့် ပရိုဘောက်အိမ်စီးကားတို့ တိုက်မိကာ ပရိုဘောက်ကား မီးလောင်ပြီး ယင်းကားပေါ်ပါ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးနှင့် ကလေးငယ်(မိန်းကလေး) ၂ ဦးတို့လည်း ကားအတွင်း မီးလောင်၍ သေဆုံးသွားခဲ့ကြောင်း ၎င်းက ပြောသည်။

ပုသိမ်-ချောင်းသာလမ်းတွင် ကားမီးလောင်ပြီး လူသေဆုံးမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ-စေတနာရှင်ဘက်စုံပရဟိတလူငယ်အသင်း)

” ယာဉ်တိုက်မိပြီး ပရိုဘောက် ကားခေါင်းခန်း မီးထတောက်တာ၊ အဲဒီနားကလူတွေကယ်ဖို့ ကြိုးစားတယ်၊ တံခါးကဖွင့်မရတာရယ်၊ အဲဒီနားမှာ ရေရှားတာရယ်နဲ့ ကားထဲ မီးလောင်တာ ကြည့်နေရသလိုဖြစ်သွားတယ်” ဟု ကယ်ဆယ်ရေးသွားရောက်ကူညီဆောင်ရွက်ရာတွင် ပါဝင်သူ စေတနာရှင်ဘက်စုံပရဟိတလူငယ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောသည်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်ပြီး မီးလောင်သေဆုံးခဲ့သည့် ရုပ်အလောင်းများအား ပုသိမ်မြို့ပေါ်ရှိ လူမှုကူညီရေး အသင်းများက ပုသိမ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.