Connect with us

Environment, Disasters & Accidents

အားကောင်းသော လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းအဖြစ်ရောက်ရှိလာပါက လမ်းကြောင်းအရ မြစ်ဝကျွန်းပေါ် ဒေသများတွင် မုန်တိုင်းသက်ရောက်မှုရှိနိုင်ကြောင်းပြော

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုပြ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဂြိုဟ်တုဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဆင့် ရောက်ရှိနိုင်ကြောင်း၊ ဆက်လက်အားကောင်းလာပါက ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ပြီး လက်ရှိတွင် လေဖိအားနည်းရပ်ဝန်းမှာ မြောက်ဘက်သို့ ဦးတည်နေသောကြောင့် မြစ်ဝကျွန်းပေါ် ဒေသများ၌ မုန်တိုင်းသက်ရောက်မှုရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မတ် ၁၉ ရက်တွင် ပြောသည်။

“မြစ်ဝကျွန်းပေါ်ဒေသတွေ ဖြစ်တဲ့ ဧရာဝတီနဲ့ ရန်ကုန် ရခိုင်ပြည်နယ်တောင်ပိုင်းတွေကို လမ်းကြောင်းအနေအထားက ဦးတည်နေတယ်။ အရင်က ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကြားကို ရောက်မယ်လို့မှန်းပေမယ့် အခုက လမ်းကြောင်း ပြောင်းသွားတယ်။ ဧရာဝတီတိုင်းဒေသကြီးတို့ ရန်ကုန်တိုင်းဒေသကြီးတို့ကတော့ မိုးကိုသာမက လေကိုပါ သတိထားရမှာပေါ့’’ ဟု ဦးလှထွန်းက ဆက်ပြောသည်။
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိပြီးနောက် မတ်လ ၂၀ ရက်၌ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၁ ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၂ ရက်၌ ရခိုင်ကမ်းရိုးတန်းသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

“မုန်တိုင်းအဆင့်ရောက်ရင်တော့ လေတိုက်နှုန်းက တစ်နာရီလျှင် ၃၅ မိုင် နှုန်း၊ ဆိုင်ကလုန်းဆိုရင်တော့ တစ်နာရီ လေတိုက်နှုန်း ၄၅ မိုင်၊ ၅၀ မိုင်နှုန်းရှိနိုင်တယ်။ လောလောဆယ်တော့ မုန်တိုင်းက မဖြစ်သေးဘူး။ မဖြစ်သေးတော့လမ်းကြောင်းခန့်မှန်းချက် က နည်းနည်းတော့ပြောင်းနိုင်တယ်။ အခုလမ်းကြောင်းကတော့ မြန်မာ့ကမ်းရိုးတန်းနဲ့ ပိုနီးသွားတယ်။ ဘယ်လမ်းကြောင်းပဲသွားသွား မြစ်ဝကျွန်းပေါ်ဒေသတွေကတော့ မုန်တိုင်းအရှိန်ကောင်းကောင်းရမယ်။ မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းရဲ့ လက်ယာဘက်ရောက်နေတော့ သတိပြုဖို့ လိုအပ်ပါတယ်’’ ဟု ဦးလှထွန်းက ဖြည့်စွက်ပြောကြားသည်။

လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိနိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀) ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅) ပေမှ (၇) ပေခန့် ရှိနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်ရ သိရသည်။

နောက်(၂)ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။ (Xinhua)