Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်နေ၍ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားဟု ဆို

မတ် ၂၀ ရက် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ မုန်တိုင်းငယ်လမ်းကြောင်းပြမြေပုံအားတွေ့ရစဉ်(ဓာတ်ပုံ - မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန )

ရန်ကုန် ၊ မတ် ၂၀ ရက်(ဆင်ဟွာ)

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်နေ၍ လိမ္မော်ရောင်အဆင့် သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မတ် ၂၀ ရက် နေ့လည်ပိုင်းတွင် ထုတ်ပြန်သည့် မုန်တိုင်းငယ်သတိပေးချက်တွင် ဖော်ပြထားသည်။အဆိုပါမုန်တိုင်းငယ်သည် မြောက်ဘက်သို့ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာပြီးနောက်(၂၄)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ လည်းကောင်း၊ နောက်(၃၆)နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းရကြောင်း ၊ အဆိုပါမုန်တိုင်းငယ်သည် မတ် ၂၁ ရက် ညပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီး သို့လည်းကောင်း၊ မတ် ၂၂ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ ညပိုင်းတွင် ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း မုန်တိုင်းငယ်သတိပေးချက်အမှတ်စဉ်(၀၂/၂၀၂၂)အရ သိရသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့မွန်းတည့်မှ မတ် ၂၂ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ကြောင်း သိရသည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ကြောင်း နှင့် လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ကြောင်း သိရသည်။

မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု(၁၀.၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၂.၆)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား(၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနေထိုင်ကြရန် နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။ (Xinhua)