Connect with us

Environment, Disasters & Accidents

ဗီယက်နမ်ကမ်းခြေအရှေ့ဘက်တွင်ဖြစ်ပေါ် နေသောမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းတွင် မိုးရွာသွန်းနိုင် 

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော သီရိလင်္ကာတောင်ပိုင်းကမ်းခြေ အနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း၊ ထို့အပြင် ဗီယက်နမ်ကမ်းခြေအရှေ့ဘက်လောက်မှာ မုန်တိုင်းတစ်ခု ဖြစ်နေပြီး အဆိုပါမုန်တိုင်းကြောင့် မြန်မာနိုင်ငံ တောင်ဘက်တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာကိုပြောသည်။

သီရိလင်္ကာတောင်ပိုင်းကမ်းခြေ အနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အာရေဗျပင်လယ်ထဲရောက်ပြီး မုန်တိုင်းဖြစ်သွားနိုင်ကြောင်း ဆိုသည်။ “ဗီယက်နမ်ကမ်းချေအရှေ့ဘက်လောက်မှာ မုန်တိုင်းတစ်ခု ဖြစ်နေတယ်။ဒီရာသီမှာလေက  အနောက်ဘက်ကိုရွေ့လေ့ရှိတယ်။ အဲ့ဒီမုန်တိုင်းက အောက်တိုဘာ ၃၀၊ ၃၁ လောက်မှာ လေပွေလှိုင်းတစ်ခုအနေနဲ့ မြန်မာနိုင်ငံတောင်ပိုင်း ဘက်ကိုရောက်နိုင်တယ်။ သူ့ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေ မိုးရနိုင်တယ်။’’ ဟု ဦးလှထွန်းကပြောသည်။

ယခုနှစ်မိုးရာ သီတွင် မိုးရေရရှိမှု အခြေအနေ မှာ  မုတ်သုံရာ သီတွင် မိုးဦးညံ့ခဲ့ပြီး၊ မိုးလယ်တွင် မိုးအသင့်အတင့်ရှိခဲ့ကာ မိုးနှောင်း ကာလ တွင် လည်းမိုးညံ့ခဲ့ကြောင်း သိရသည်။ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာသွန်းနိုင်ကြောင်းမိုးဇလမှ သတင်းထုတ်ပြန်ခဲ့သည်။  (Xinhua)