Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် ရေကြီးရေလျှံမှုကြောင့် နေအိမ် ရာချီ ပျက်စီးကာ လူသေဆုံးမှုများရှိ

မြန်မာနိုင်ငံ တစ်ဝှမ်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသအချို့၌ ရေကြီးနေပုံ ( ဓာတ်ပုံ-MOI facebook စာမျက်နာ)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ယခုရက်ပိုင်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်၍ နေအိမ် ရာနှင့်ချီ ပျက်စီး ဆုံးရှုံးကာ လူသေဆုံးမှုများပါ ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ယနေ့ ပြောကြားသည်။

“ အမ်းမှာတော့ နေအိမ် ပျက်စီးဆုံးရှုံးမှု အများဆုံးပဲ၊ တစ်ရာကျော်လောက် ရေထဲမျောပါတယ်၊ လူသေတာလဲရှိတယ်၊ အရေအတွက်တော့ အတိအကျ မသိသေးဘူး” ဟု ၎င်းကဆိုသည်။

သံတွဲ၊ တောင်ကုတ်၊ အမ်း ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေမြို့များတွင် ဇွန်လ နောက်ဆုံးပတ် အတွင်း ရေကြီး ရေလျှံမှုများကြောင့် ရပ်ကွက် ၂၀ ကျော် ရေနစ်မြုပ်ခဲ့သည်။

ရခိုင်ပြည်နယ် သံတွဲမြို့၌ ရေကြီးရေလျှံမှုများ လျော့ကျသွားပြီးနောက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေပုံ ( ဓာတ်ပုံ-MOI facebook စာမျက်နာ)

မင်းဘူး-အမ်း-စစ်တွေလမ်းသည် ဇွန်လ ၂၅ ရက်က စတင်ကာ ရေကြီးရေလျှံမှုကြောင့် ကားလမ်းများ ပိတ်သွားပြီး ဇွန်လ ၃၀ ရက်က စတင်၍ လမ်းများ ပြန်ပွင့်ကာ ခရီးသည်တင် ယာဉ်များ ပြန်လည် ဖြတ်သန်း သွားလာလျှက် ရှိသည်။

လက်ရှိ ရေများ ပြန်လည်ကျပြီး နေအိမ်များတွင် ဒေသခံများ ပြန်လည် နေထိုင်နေ ကြသော်လည်း အစားအစာနှင့် သောက်သုံးရေ အခက်အခဲများ ရှိကြောင်း၊ ရေကြီးမှုကြောင့် ကားလမ်းများလည်း ပျက်စီးမှုများ ဖြစ်ပေါ်နေသောကြောင့် အချို့နေရာများသို့ သွားလာရန် ခက်ခဲသေးကြောင်း ရခိုင်ပြည်နယ် အစိုးရဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးစသည့် မြို့ကြီးများတွင်လည်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု နည်းပါးခဲ့သည်။ (Xinhua)