Connect with us

Environment, Disasters & Accidents

အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ပထမဆုံး UNESCO မှတ်တမ်းဝင်သည့် ဇီဝအဝန်း နယ်မြေဖြစ်လာ

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ရှိသည့် အင်းလေးကန်အတွင်း လှေဖြင့် သွားလာနေသူများကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ရှိသည့် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး အင်းလေးကန်ကို မြန်မာနိုင်ငံ၏ ပထမဆုံး ဇီဝအဝန်းနယ်မြေ အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO ) က သတ်မှတ်လိုက်ကြောင်း ရှမ်းပြည်နယ်၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း က ဆင်ဟွာကို ပြောသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ရှိတဲ့ UNESCO ဌာနချုပ်မှာ ဇွန်လ ၈ ရက်နေ့ မှ ၁၂ ရက်အထိ ကျင်းပနေတဲ့ လူသားနှင့် ဇီဝ အဝန်း နယ်မြေဆိုင်ရာ (MAB= Man and Biosphere) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီ (ICC-International Coordnating Council) ၏ ၂၇ ကြိမ်မြောက် အစည်းအဝေးမှာ အင်းလေးကန်ကို ဇီဝ အဝန်း နယ်မြေအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယူနက်စကိုမှ ယခုကဲ့သို့ အသိအမှတ် ပြုပြီးသည့်နောက် ရရှိလာသည့် ရန်ပုံငွေပေါ် မူတည်ပြီး အင်းလေးကန်ကို ထိန်းသိမ်း စောင့််ရှောက်မှုတွေ တိုးမြှင့် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။လက်ရှိတွင်လည်း ရှမ်းပြည်နယ် သစ်တောနှင့် သတ္တုဝန် ကြီးဌာနအနေဖြင့် အင်းလေးကန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းများဖြစ်သည့် သစ်ပင်စိုက်ခြင်း၊ တောခုတ်ခြင်း မရှိစေရန် ထိန်းသိမ်းခြင်း ၊ ဟိုတယ်များမှ ရေဆိုးများကို စနစ်တကျ သန့်စင်ပြီး စွန့်ပစ်ရန် ဆောင်ရွက်ခြင်းများ အပြင် လူထု ပညာပေး လုပ်ငန်းများ ပြုလုပ်ခြင်းနှင့် လျှပ်စစ်မီးရရှိရန် ကြိုးစားခြင်း တို့ကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ရှိသည့် အင်းလေးကန်အတွင်း ငါဖမ်းသမားတစ်ဦး ကိုတွေ့ရစဉ် (ဆင်ဟွာ)

သဘာဝ ပတ်ဝန်းကျင် ပညာရှင် တစ်ဦးက “အင်းလေးကန်ကြီးက လွန်ခဲ့တဲ့ နှစ် ၁၀ သန်းခွဲ လောက်ကတည်းက ရှိနေတာဆိုပြီး ပညာရှင်တချို့က ရေးသား ကြတာရှိတယ်။ အင်းလေးကန်က တဖြည်းဖြည်း တိမ်ကောလာတဲ့ အချိန်မှာ အခုလို UNESCO ရဲ့ အသိအမှတ်ပြုခံရတဲ့ အတွက် ရန်ပုံငွေနဲ့ နည်းပညာတွေမှာ နိုင်ငံတကာ အကူအညီတွေ ရနိုင်မှာ ဖြစ်တယ်” ဟု ဆင်ဟွာကို ပြောကြားသည်။ (Xinhua)