Connect with us

Environment, Disasters & Accidents

ရန်ကုန်- မန္တလေး အမြန်လမ်းတွင် ၂ဝ၁၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၃၉၂ မှု ဖြစ်ပွားခဲ့ပြီး ၁၁၃ ဦး သေဆုံးကြောင်း ယနေ့ သတင်းထုတ်ပြန်

ရန်ကုန်- မန္တလေး အမြန်လမ်းတွင် ယာဉ်မတော်တဆ ဖြစ်ပွားနေသော Express ယာဉ်တစ်စီး (ဓာတ်ပုံ- ရန်ကုန်- မန္တလေး Express Way Website)

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးတွင် ၂ဝ၁၄ ခုနှစ်အတွင်းတွင် ယာဉ်မတော်တဆမှု ၃၉၂ မှုဖြစ်ပွားခဲ့ပြီး ၁၁၃ ဦးသေဆုံးကာ ၇၂၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့ သတင်း ထုတ်ပြန်သည်။

ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးသည် နေ့စဉ် ယာဉ်စီးရေ ၁၄,ဝဝဝ ခန့် ဖြတ်သန်း သွားလာနေသော လမ်းမကြီးဖြစ်ပြီး ယာဉ်မတော်တဆမှု များလည်း မကြာခဏ ဖြစ်ပွားလျက် ရှိကြောင်း၊ ယခုအခါ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ခွင့်ပြု ကုန်စည်တင် ယာဉ်အချို့ကို ဖြတ်သန်း သွားလာ ခွင့်ပြုခဲ့သဖြင့် လမ်းအသုံးပြုသည့် ယာဉ်အရေ အတွက်မှာ နေ့စဉ် အစီးရေ ၂ဝဝဝဝ ခန့်အထိ တိုးလာနိုင်မည် ဖြစ်ကာ ယာဉ် မတော်တဆမှုများလည်း ပိုဖြစ်လာနိုင်စရာ ရှိနေကြောင်း ၊ ထို့ကြောင့် ယာဉ်မောင်းများ ဆင်ခြင်ရန် လိုအပ်ကြောင်း အဆိုပါ ကြေညာချက်ထဲတွင် ပါရှိသည်။

“အခုဆိုရင် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်မှာ ခွင့်ပြု ကုန်စည်တင် ယာဉ်အချို့ကို ဖြတ်သန်း သွားလာ ခွင့်ပြုခဲ့လို့ လမ်းအသုံးပြုတဲ့ ယာဉ်အရေ အတွက်က နေ့စဉ်စီးရေ ၂ဝ,ဝဝဝ လောက်အထိ တိုးလာနိုင်မှာ ဖြစ်လို့ ယာဉ် မတော်တဆမှုများလည်း ပိုဖြစ်လာနိုင်စရာ ရှိတယ်။ ဒါကြောင့် ယာဉ်မောင်းတွေ ပိုဆင်ခြင်သင့်တယ်” ဟု နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူက ဆင်ဟွာကို ပြောသည်။ဇွန်လ ၈ ရက် နေ့လည် ၁၂ နာရီခန့် မိုးရွာသွန်းနေချိန်တွင် မောင်းနှင်လာသည့် နေကြာ ခရီးသည်တင် မှန်လုံယာဉ်သည် အမြန်လမ်းပေါ်၌ လမ်းချော်ပြီး အရှိန် မထိန်းနိုင်၍ လမ်း၏ ယာဘက်ဘေးရှိ အလူမီနီယံ ဘောင်တန်းများကို တိုက်မိကာ ဝဲဘက်သို့ တိမ်းမှောက်ပြီး လမ်းဘေး ခြံစည်းရိုး အုတ်ခုံတန်းဖြင့် ထပ်မံ တိုက်မိသဖြင့် ယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည်များ အနက် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီးလေးဦး ဒဏ်ရာများ ရရှိခဲ့သည်။

ဇွန်လ ၂၅ ရက် နံနက် ၄ နာရီခန့်တွင်လည်း ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသည့် ခိုင်မန္တလေး ခရီးသည်တင် မှန်လုံယာဉ် တိမ်းမှောက်မှု ဖြစ်ပွာခဲ့သည်။ နောက်တစ်ရက် ဇွန်လ ၂၆ ရက် နံနက် ၅ နာရီ နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာသည့် ရွှေစင် စြင်္ကာ ခရီးသည်တင် မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ဘာရီယာတုံးများကို ဝင်တိုက်မိကာ တစ်ပတ်လိမ့်၍ လမ်းလယ်ကျွန်းပေါ်သို့ ပြန်ကျခဲ့သည့် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ နှစ်ရက် ဆက်တိုက် ယာဉ်တိမ်းမှောက်ခြင်း ဖြစ်ခဲ့သည်။

အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းက “ယာဉ်မောင်းတွေ အနေ နဲ့ ရာသီဥတုအငိုက်၊ အချိန်အငိုက်၊ ပထဝီမြေပြင် အနေအထား အငိုက်နဲ့ လူ အငိုက်ဆိုတဲ့ အငိုက်လေးမျိုးကို သတိထားဖို့ လိုပါတယ်။ ရာသီဥတုဆိုးဝါး နေချိန်၊ မိမိယာဉ်ရဲ့ အလင်းရောင်နဲ့ မောင်းနှင်နေရတဲ့ ညအချိန်အခါမျိုး၊ မိမိ မောင်းနှင်နေရတဲ့ လမ်းအနေအထားနဲ့ ယာဉ်မောင်းနေစဉ် အိပ်ငိုက်မှု မရှိအောင် ဆင်ခြင်တုံတရားနဲ့ သတိထား မောင်းနှင်မယ် ဆိုရင် အခုလို ယာဉ်မတော်တဆ ဖြစ်တာတွေ နည်းပါးသွားမှာပါ။ ယာဉ်မတော်တဆ ဖြစ်ပွားမှု နည်းပါး သွားအောင် အမြန်လမ်း ရဲတပ်ဖွဲ့ တစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရ ပါဘူး။ ခရီးသွား ပြည်သူတွေ၊ ယာဉ်လိုင်းတွေ၊ ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်တွေအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့လိုပါတယ်’’ ဟု ပြောသည်။

အဓိကအနေဖြင့် ယာဉ်ပိုင်ရှင် ယာဉ်အသင်းတွေက အတွေ့အကြုံ ရင့်ကျက်ပြီး သတ်မှတ် ယာဉ်မောင်း လိုင်စင် ကိုင်ဆောင်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းလိုက်နာတဲ့ ကျွမ်းကျင် ယာဉ်မောင်းတွေကို ရွေးချယ် ခန့်အပ် တာဝန်ပေးဖို့ လိုသလို ယာဉ်ရဲ့ ကြံ့ခိုင်မှုတွေကိုလည်း အစဉ်အမြဲ စစ်ဆေးဖို့ လိုကြောင်း ရဲမှူးကြီး နေဝင်းက ဆိုပါတယ်။ (Xinhua)