Environment, Disasters & Accidents
သဘာဝ ဘေးအန္တရာယ် တွေ့ကြုံလာပါက အဆင့်ဆင့်တင်ပြ တောင်းခံရသည့် လုပ်ငန်းစဉ်များကို ယခုနှစ်တွင် ပယ်ဖျက်ကြောင်းသတင်းထုတ်ပြန်
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
နိုင်ငံတစ်ဝန်းမည်သည့်ဒေသ၌မဆိုသဘာဝဘေးအန္တရာယ်တွေ့ကြုံလာပါကကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးမှု မဖြစ်စေရန် အဆင့်ဆင့်တင်ပြ တောင်းခံရသည့် လုပ်ငန်းစဉ်များကို ယခုနှစ်တွင် ပယ်ဖျက်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံးများအနေဖြင့် ဝန်ကြီးဌာန အဆင့်ဆင့်သို့ ခွင့်ပြုချက် တင်ပြပြီး ကူညီကယ်ဆယ် ရသည့်စနစ်ကို ပယ်ဖျက်ခြင်း ဖြစ်ရာ ဘေးအန္တရာယ် ကျရောက်သည့် နေရာသို့ ချက်ချင်းကူညီမှုများ ရောက်ရှိပြီး စာရင်းဇယား နှင့် ဝန်ကြီးဌာနသို့ ချက်ချင်း အကြောင်းပြန် ရမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သဘာဝ ဘေးအန္တရာယ် အတွက် ကယ်ဆယ်ရေး ပစ္စည်းများ ဝယ်ယူရာတွင် ကုန်ကျမည့် ငွေကြေးများကို အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ထောက်ခံစာဖြင့် ဝန်ကြီး ဌာနမှ တောင်းခံရသည့် စနစ်ကိုပယ်ဖျက်ပြီး ဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ သက်ဆိုင်ရာ ဌာနများ၌ သိုလှောင်ရုံများ ဖွင့်လှစ်ထားကာ ကယ်ဆယ်ရေး ပစ္စည်း ဖြည့်တင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ၊
သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ကူညီမည့် ပစ္စည်းများမှာ ကယ်ဆယ်ရေး ပစ္စည်းရှစ်မျိုး၊ အိမ်ရာပျက်စီးမှု များကို ငွေကြေးပံ့ပိုးမှု နှင့် စားနပ်ရိက္ခာ ပံ့ပိုးခြင်းတို့ ဖြစ်ပြီး ပစ္စည်းများ ဝယ်ယူဖြည့်တင်း ပေးသည့်အပြင် လိုအပ်သော ငွေကြေးများ ကိုလည်း တိုင်းဒေသကြီး နှင့် ပြည်နယ် များရှိ သက်ဆိုင်ရာ ဦးစီးဌာနများသို့ ကြိုတင်ပေးပို့ ထားမှုများ ရှိလာကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)