Connect with us

Environment, Disasters & Accidents

ဒိုက်ဦးမြို့နယ်၌ တပ်မတော် ရဟတ်ယာဉ် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျ ၊ သုံးဦးသေဆုံး

ယနေ့ ဒိုက်ဦးမြို့နယ်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျသွားသော တပ်မတော် ရဟတ်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

မိတ္ထီလာမြို့မှ မှော်ဘီမြို့သို့ ပျံသန်း ထွက်ခွာလာသော အမ်အိုင်-၂ အမျိုးအစား တပ်မတော်ရဟတ် ယာဉ်တစ်စီးသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် အတွင်း ရောက်ရှိ ပျံသန်းစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျ၍ ရဟတ်ယာဉ်ပေါ်ပါ သုံးဦး သေဆုံးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။

ယင်း ရဟတ်ယာဉ်သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၇၂) အနောက်ဘက်ခြမ်းရှိ ဂုံညှင်းချောင်း အနီး လျှိုအတွင်းသို့ ပျက်ကျကာ မီးလောင်မှုကြောင့် ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသော ရဟတ်ယာဉ်မှူး ဗိုလ်မှူး ရန်နိုင်ထူး၊ တွဲဖက် ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ထွန်းထွန်းနိုင်နှင့် ရဟတ်ယာဉ် အဖွဲ့သား တပ်ကြပ်ကြီး တင်ထွန်းလွင်တို့ ၃ ဦးသည် ၎င်းနေရာ၌ သေဆုံးသွားခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ ဒိုက်ဦးမြို့နယ်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျသွားသော တပ်မတော် ရဟတ်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ယနေ့ ဒိုက်ဦးမြို့နယ်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် ရဟတ်ယာဉ် ပျက်ကျသည့်နေရာပြ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
အဆိုပါ ရဟတ်ယာဉ်သည် မိတ္ထီလာမြို့ လေတပ် စခန်းဌာနချုပ်၌ အကြီးစား ပြင်ဆင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မြိတ်မြို့ရှိ လေတပ်စခန်း ဌာနချုပ်သို့ ပို့ဆောင်ရန် ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် မိတ္ထီလာမြို့မှ စတင် ထွက်ခွာလာရာ ၎င်းမှတစ်ဆင့် နံနက် ၁၀ နာရီခွဲခန့်တွင် တောင်ငူ လေတပ်စခန်း ဌာနချုပ်၌ ဆီဖြည့် ရပ်နားခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် မှော်ဘီမြို့သို့ ဆက်လက် ထွက်ခွာ ပျံသန်းစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျ၍ မီးလောင် ပျက်စီးခဲ့ခြင်း ဖြစ်သည်။

“ ရွာသားတွေက ရဟတ်ယာဉ် ပျက်ကျသွားတယ်လို့ သတင်းပေးလို့ လိုက်လံရှာဖွေတာ၊ ပျက်ကျပြီး မီးလောင်သွားတဲ့ အတွက် ရဟတ်ယာဉ်မှာပါတဲ့ သုံးဦလုံး သေဆုံးသွားတယ်”ဟု အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးနေသော အမြန်လမ်းရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
ယင်း မီးလောင် ပျက်ကျသွားသည် ရဟတ်ယာဉ် ရှိရာသို့ သက်ဆိုင်ရာ အာဏာပိုင်များနှင့် တပ်မတော်မှ ကယ်ဆယ်ရေးများ လာရောက်ပြီး ရဟတ်ယာဉ်ပျက်ကျမှုကို အသေးစိတ် စစ်ဆေးလျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.