Environment, Disasters & Accidents
အနောက်တောင်မုတ်သုံလေသည် မေလ ၁၈ ရက်မှ ၂၃ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)
အနောက်တောင်မုတ်သုံလေသည် မေလ ၁၈ ရက်မှ ၂၃ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ကြောင်း သိရသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော် တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မိုးအခြေအနေနှင့် မိုးရွာရက်
မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင်ရွာသွန်းမြဲ အောက်လျော့ကာ၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆)ရက်မှ (၈)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် (၃)ရက်မှ (၅)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း လည်းထုတ်ပြန်ချက်ကဆိုသည်။
နေ့အပူချိန်
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မေလပုံမှန်အပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)