Environment, Disasters & Accidents
ငလျင်ဒဏ်ခံရသည့် ပုဂံရှိ စေတီငယ် ၂၂၄ ဆူ ပြင်ဆင်ပြီးစီးပြီ
နေပြည်တော်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည် ပုဂံဘုရားများအနက် တစ်နှစ်တာအတွင်း စေတီငယ် ၂၂၄ ဆူကို ပြုပြင် ပြီးစီးပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာသို့ပြောသည်။
“ငလျင်ဒဏ်သင့်တာ တစ်နှစ်ပြည့်ပါပြီ၊ သာမန် အသေးအဖွဲပျက်စီးမှုက စေတီပေါင်း ၂၂၄ ဆူပါ၊ အဲဒီ ၂၂၄ ဆူလုံး ပြင်ပြီးပါပြီ၊ နောက်တစ်ခါ အလယ်အလတ်လောက် ပျက်စီးတဲ့ စေတီတွေကိုတော့ ၅၀ ရာခိုင်နှုန်းလောက်ပြင်ပြီးပါပြီ။ အကြီးစား ပျက်စီးမှု ရှိတဲ့ စေတီတွေကိုထုထည် ဉာဏ်တော် ကြီးမားတဲ့၊ သမိုင်းတန်ဖိုး ကြီးမားတဲ့ စေတီပုထိုးကြီးတွေကတော့ အကြီးစားပြင်ရတာရှိပါတယ်။ အဲဒါကတော့ ဘယ်လောက် ပြီးပြီလဲဆိုတာ ရာခိုင်နှုန်းအရ ပြောဖို့ ခက်ပါသေးတယ်” ဟု ၎င်းက ပြောခဲ့သည်။
ဥပမာအားဖြင့် သဗ္ဗေညုစေတီဆိုလျှင် ငလျင်လှုပ်စဉ်က လဲကျခြင်း၊ ပဲ့ကျသွားခြင်း မရှိခဲ့သော်လည်း နိုင်ငံတကာပညာရှင်များ ပါဝင်သော အဖွဲ့ဖြင့် စစ်ဆေးသည့်အခါ ပဲ့တင်သံ စမ်းသပ်မှုများ၊ X – Ray များဖြင့် စစ်ဆေးသည့်အခါ ပဲ့တင်သံပြန်မလာကြောင်း၊ ထို့ကြောင့် သဗ္ဗေညုစေတီတော်သည် အပြင်ပန်း အမြင်အရ ပျက်စီးမှု မရှိဟု ထင်ရသော်လည်း အတွင်း၌ အတွင်းကြေ ကြေသွားခြင်း ဖြစ်နိုင်သောကြောင့် စေတီတော်ကြီးအား အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား ရှေးဟောင်းဗိသုကာ ပညာရှင်များက စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း၊ နံရံဆေးရေးပန်းချီများ ရှိသည့် စေတီ ဘုရားများကိုမူ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အီတလီနိုင်ငံနှင့် စပိန်နိုင်ငံမှ ပညာရှင်များက ပြုပြင်ပေးဖို့ တာဝန်ယူထားကြကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။
ထို့အပြင် ၎င်းက “ပြီးခဲ့တဲ့ သြဂုတ်၂၇ ရက်က လုပ်တဲ့ ပုဂံ အစည်းအဝေးမှာလည်းပဲ နိုင်ငံပေါင်းစုံက ပညာရှင်ပေါင်းစုံ တက်ကြပါတယ်၊ ဒါနဲ့ ပတ်သက်လို့ ခြုံပြီးပြောရမယ်ဆိုရင် ပုဂံမှာရှိတဲ့ သာသနိက အဆောက်အအုံတွေအားလုံးကို ၂၀၂၀ ခုနှစ် မတိုင်ခင်မှာ အားလုံး ပြင်ဆင်လို့ပြီးမယ်လို့ ပြောနိုင်ပါတယ်” ဟု ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)