Connect with us

Environment, Disasters & Accidents

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့၌ ရေကြီးရေလျှံမှုကြောင့် လူ ၆၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခိုလှုံ

ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ ဇူလိုင် ၁၂ ရက်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ပြည်သူများအား ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ပေးနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ - Myanmar Fire Services Department )

ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့၌ ရေကြီးရေလျှံမှုများကြောင့် အိမ်ထောင်စု ၁၄၂ စုမှ လူဦးရေ ၆၀၁ ဦးသည် ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားသည်။

“ရေဘေးကယ်ဆယ်ရေးစခန်းက ကချင်ပြည်နယ် မြစ်ကြီးနားမှာ ၉ ခု ၊ ဝိုင်းမော်မှာက ၁ ခုပဲ။အားလုံးပေါင်းတော့ ၁၀ ခုပါပဲ။ကျွန်မတို့ဆီမှာ စာရင်းက ခုလောလောဆယ်တော့ အဲဒါပဲ ရှိသေးတယ်။ အခုက ရေကြီးရေလျှံမှုက ဒီနှစ်မှာ ပထမဆုံးလို့ ပြောလို့ရပါတယ်။ ကချင်ပြည်နယ်မှာကတော့ ဒါပုံမှန်ရေကြီးရေလျှံမှုပါ။မိုးများတယ်။မြစ်ရေတက်တယ်။ ဟိုတနေ့ကတော့ မိုးကုတ်မှာ ရုတ်တရက် မိုးများပြီး ကားလမ်းပိတ်တာတို့တော့ ဖြစ်သွားတယ်။ ဒါပေမယ့် အိမ်တွေပြောင်းရွှေ့ရတာတွေတော့ သိပ်မရှိခဲ့ဘူး။ ရုတ်တရက်ရေကြီးတာပေါ့။အခု ရေကြီးရေလျှံကတော့ နေအိမ်တွေ ပြောင်းရွှေ့ရတာတို့ဆိုရင် ပထမဆုံးပါ။အခုကတော့ သေဆုံး ၊ ဒဏ်ရာရတာတွေတော့ အခုချိန်ထိ မရှိပါဘူး။”ဟု ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့၌ ဇူလိုင် ၁၁ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေစတင်ဝင်ရောက်ခဲ့ရာ မြစ်ကြီးနားမြို့၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ လယ်ကုန်းနှင့် မြို့သစ်ကြီးရပ်ကွက်တို့မှ အိမ်ထောင်စု(၁၃၆)စု၊ လူဦးရေ (၅၇၉)ဦးကို ရေဘေးကယ်ဆယ်ရေးစခန်း(၉)ခုသို့လည်းကောင်း ၊ ဝိုင်းမော်မြို့၊ အမှတ်(၁) နှင့် သပြေကုန်းရပ်ကွက်တို့မှ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၂)ဦးကို အထက(၂)ရေဘေး ကယ်ဆယ်ရေးစခန်းသို့လည်းကောင်း ခေတ္တပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

ရေကြီးရေလျှံမှုများဖြစ်ပွားသည့်နေရာများသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဇူလိုင် ၁၂ ရက်တွင် သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းစီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင်ပြည်သူများအား COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး၍ အဝတ် Mask နှင့် ဆပ်ပြာတောင့်တို့အား ထောက်ပံ့ခဲ့ပြီး ဆန်ရိက္ခာဖိုး များကို ဆက်လက်ထောက်ပံ့သွားနိုင်ရေး ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.