Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်ရှိ ခကျန်နှင့် လခူးချောင် ဘက်မှ အမြင့်(၅၀၀)ပေ၊ အကျယ် (၄၀)ပေခန့် မြေသားများ ထပ်မံပြိုကျမှု ဖြစ်ပွား

ထပ်မံမြေပြိုကျမှုအန္တရာယ်ရှိသည့် အတွက် သတိပေးဆိုင်းဘုတ်ထောင်၍တားမြစ်ထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ လခူးချောင်မှ ဇူလိုင် ၂ ရက်နေ့က ကျောက်မျက်လုပ်ကွက်များ တူးဖော်ထားရစ်ခဲ့သည့် ရေအိုင်ဘက်သို့ ကျင်းကမ်းပါး မြေပြိုခဲ့ရာနေရာ အနီး အထက်ပိုင်းကျသည့်မြေမှန်နေရာတွင် ဇူလိုင် ၁၀ရက် ည ၁၁ နာရီခန့်က ခကျန်နှင့် လခူးချောင် ဘက်မှ အမြင့်(၅၀၀)ပေ၊ အကျယ် (၄၀)ပေခန့် မြေသားများ ထပ်မံပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း၊ယခုမြေပြိုကျမှုကြောင့် ပျောက်ဆုံးသူများနှင့် အသေအပျောက် မရှိကြောင်း မိုးညှင်းခရိုင်မီးသတ်တပ်ဖွဲ့ မှ ဦးစီးအရာရှိ ဦးပြေငြိမ်းက ဆင်ဟွာကို ဇူလိုင် ၁၁ ရက်တွင်ပြောသည်။

ဦးပြေငြိမ်းက “ကျွန်တော်တို့ အနေနဲ့ ကွင်းဆင်းစစ်ဆေးရေးတွေမြို့နယ်အဖွဲ့ အနေနဲ့ ဆောင်ရွက်ပြီး လူတွေ ကိုဖယ်ခိုင်းထားပါတယ်။ လူရွှေ့ခိုင်းထားပြီးသားမို့ အန္တရာယ်မရှိခဲ့ဘူး။ 

အန္တရာယ် ရှိနိုင်တဲ့ အတွက် မနေထိုင်ဖို့ ညွှန်ကြားချက်ထုတ်ထားသလို ဆိုင်းဘုတ်များလည်း ထောင်ထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ အရေးပေါ်အခြေအနေဖြစ်လာရင် ကူညီဖို့ မီးသတ်တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း အသင့်ပြင်ဆင်ထားပါတယ်’’ ဟုပြောသည်။

ယခုထပ်မံ မြေပြိုကျခဲ့သည့်နေရာ၏အောက်တွင် ယခင်က ကျောက်စိမ်းမင်းကျောက်မျက် တူးဖော်ရေးလုပ်ကွက် လုပ်ကိုင်ခဲ့ဖူးကြောင်း၊  ခကျန်နှင့် လခူးချောင်တို့ရှိ နေအိမ်များ၊ လမ်းများအားလုံး ဆက်လက်မြေပြိုရာတွင်ပါနိုင်သည့် အနေအထား ရှိနေကြောင်း၊ ဆက်လက်မြေပြိုနိုင်သည့် နေရာများမှ ပြည်သူများအား အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များက နေရာပြောင်းရွှေ့ကြရန်နှင့်သတိပေးတားမြစ်ချက်များ ထုတ်ပြန်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ကဇူလိုင် ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။  (Xinhua)