Connect with us

Environment, Disasters & Accidents

ဧရာဝတီ နှင့် ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် မြို့ ၆ မြို့ တွင် စိုးရိမ်ရေမှတ် နှင့် နီးကပ်လျက်ရှိ 

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ဇူလိုင် ၁၅ ရက်တွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ကချင်ပြည်နယ်ဗန်းမော်မြို့၊ ရွှေကူမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့၊ ခန္တီးမြို့၊ ဟုမ္မလင်းမြို့ နှင့်  ဖောင်းပြင်မြို့တို့တွင် စိုးရိမ်ရေမှတ် အထိ နီးကပ်လျက်ရှိကြောင်း၊ ယခုနှစ်သည် မိုးနောက်ကျပြီး၊ မိုးရွာသွန်းမှု ပုံစံပြောင်းမှု ကြောင့် ၂၀၁၉ ခုနှစ်ဖြင့် နှိုင်းယှဉ်ပါက ရေကြီးရေလျှံမှု လျော့နည်းကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက  ဆင်ဟွာ သို့ပြောကြားခဲ့သည်။ 

“ဒီနှစ်က မနှစ်က ထက်စာရင် ရေကြီးရေလျှံမှု ဖြစ်တာ နောက်ကျ တယ်။ ဒီနှစ်က ရေကြီးရေလျှံမှု နည်းတာ က မိုးနောက်ကျပြီး မိုးရွာသွန်းမှုပုံစံ နည်းနည်းပြောင်းတာကြောင့် လို့ ထင်ပါတယ်။’’ ဟု မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြစ်ရေဌာန၊ ဦးစီးအရာရှိ ဦးချစ်ထွေးထွန်းက ဆိုသည်။ 

ဧရာဝတီမြစ်၏ မြစ်ရေသည် ကချင်ပြည်နယ်ဗန်းမော်မြို့ နှင့် ရွှေကူမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင်  စိုးရိမ်ရေမှတ် နှင့် နီးကပ်လျက်ရှိကြောင်း သိရသည်။ ယနေ့ နံနက်  ၆း၃၀ နာရီ တိုင်းတာချက်အရ ဗန်းမော်မြို့ သည်  စိုးရိမ်ရေမှတ်အောက် ၂ပေခွဲ တွင် ရှိကြောင်း၊ ရွှေကူမြို့သည် စိုးရိမ်ရေမှတ် အောက်  ၄စင်တီမီတာတွင် ရှိနေကြောင်း၊  ကသာမြို့သည်  စိုးရေရိမ်မှတ်အောက် ၂၀ စင်တီမီတာ အလိုတွင်ရှိနေကြောင်း သိရသည်။

“ကသာမြို့ မှာ ဧရာဝတီမြစ်ရေတက်တာက ၂ နာရီ မှာ ၁ စင်တီမီတာ လောက်ရှိတယ်။ ဒါကြောင့် သူ့ကို ၁ နာရီ ၁ ကြိမ်လောက် တိုင်းတာပြီးစောင့်ကြည့်နေတယ်။’’ ဟု ၎င်း က ဖြည့်စွက်ပြောကြားသည်။ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့ တွင်  စိုးရိမ်ရေမှတ်ရောက်ရန် ၂ ပေကျော်လိုကြောင်း၊  ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် ၂ ပေအကွာခန့်တွင်ရှိနေကြောင်း နှင့် ဖောင်းပြင်မြို့ တွင်  စိုးရိမ်ရေမှတ် အောက် ၂ ပေခွဲ ခန့်တွင် ရှိနေကြောင်း  သိရသည်။  (Xinhua)