Environment, Disasters & Accidents
ရန်ကုန်-စစ်တွေ ကားလမ်းပေါ် မှန်လုံယာဉ် တစ်စီး တိမ်းမှောက် အမျိုးသမီးနှစ်ဦး သေဆုံး
ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် အမ်းမြို့နယ် ကျောက်ဇကွဲ ကျေးရွာ အနီး ရန်ကုန်-စစ်တွေ ကားလမ်းပေါ် မိုင်တိုင်အမှတ် (၈/၄) နှင့် (၈/၅) ကြား၌ ခရီးသည်တင် မှန်လုံယာဉ် တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါသူ ခရီးသည် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ယာဉ်မောင်း ကျော်သူရ မောင်းနှင်လာသည့် မင်းထက်သာ ခရီးသည်တင် ယာဉ်သည် မဲတောင်ခြေတွင် ဘရိတ်ပေါက်သဖြင့် တောင်အဆင်းတွင် ကန့်လန့်ဖြတ် အနေအထားဖြင့် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူ ၂၂ ဦးအနက် ၁၈ ဦးမှာ ဒဏ်ရာများ ရရှိခဲ့ပြီး အမျိုးသမီးနှစ်ဦးမှာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်မှုမှ ဒဏ်ရာရသူများကို အမ်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို အမ်းမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကာ အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ အဆိုပါဖြစ်စဉ်သည် မေလ ၃၀ ရက် ညနေ ၄ နာရီ ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)