Connect with us

Environment, Disasters & Accidents

လာနီညာနှစ်ဖြစ်သော်လည်း တစ်နိုင်ငံလုံးတွင် တိမ်ဖြစ်ထွန်းနေမှုကြောင့် ယခင်နှစ်ထက်အအေးပေါ့ခြင်းဖြစ်

ရန်ကုန်မြို့ရှိ ဆောင်းမနက်ခင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယခုနှစ် သည် လာနီညာနှစ်ဖြစ်သော်လည်း တစ်နိုင်ငံလုံးတွင် တိမ်ဖြစ်ထွန်းမှု ဖြစ်စဉ်များ ဖြစ်ပေါ်နေသောကြောင့် အပူချိန် ကျဆင်းနိုင်ခြင်းမရှိဘဲ ယခင်နှစ်ထက် အအေးပေါ့လျက်ရှိကြောင်း၊ ကျန်သည့် ဆောင်းကာလသည် အေးလိုက်၊ နွေးလိုက် ဆောင်းဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ဇန်နဝါရီ ၁၄ ရက်တွင်ပြောကြားသည်။

“လာနီညာကြောင့် မြန်မာနိုင်ငံမှာ အရှေ့ဘက်က လာတဲ့လေတွေ အားကောင်းတယ်။ မြန်မာနိုင်ငံရာသီဥတုကိုအကျိုးဆက်ဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယ သမုဒ္ဒရာမြောက်ပိုင်းမှာ အရှေ့မြောက်နဲ့ အရှေ့ဘက်က လေတွေ အားကောင်းတဲ့အချိန်မှာ အီကွေတာအနီးမှာပူနေတယ်။ နောက်ပြီးအီကွေတာအနီးမှာ တိုက်တဲ့ လေတွေက အနောက်တောင်လေတွေဖြစ်နေတော့ အရှေ့၊ အရှေ့မြောက်ဘက်က လေနဲ့ အနောက်တောင်လေတွေ တွေ့ဆုံတဲ့အခါမှာ လေထု မငြိမ်မသက်မှုတွေဖြစ်ပြီး အီကွေတာအနီးအနားမှာ လေဖိအားနည်းရပ်ဝန်းများ ဖြစ်နေတယ်။ အဲဒီဖြစ်စဉ်ရဲ့ အကျိုးဆက်ကြောင့် မအေးနိုင်တာဖြစ်ပါတယ်’’ ဟု ဦးလှထွန်းက ဆိုသည်။
ယင်းအကျိုးဆက်ကြောင့် လေပူများသည် မြန်မာနိုင်ငံဘက်သို့ တိုးဝင်လျက်ရှိကြောင်း၊ လက်ရှိ မြင်ပြင်အနီးတွင်လေပူများရှိနေပြီး ဆောင်းရာသီဖြစ်သောကြောင့် အထက်လေထုတွင်လေအေးများရှိနေကြောင်း ၎င်းက ဆိုသည်။

“ ဒီနှစ်ခုဆုံတော့ လေထုမငြိမ်မသက်မှုတွေဖြစ်တယ်။ တိမ်ဖြစ်ထွန်းမှုတွေများပြီး အပူချိန်တက်လာတယ်။
လေအေးနဲ့ လေနွေးတွေ့ပြီး လေထုမငြိမ်မသက်ဖြစ်စဉ်ကနေ တိမ်ထူထပ်တော့ အပူချိန်တိုးလာတယ်။’’ ဟု ၎င်းက ဆက်ပြောသည်။
ယခုနှစ်ဆောင်းရာသီ နှင့် ယခင်နှစ်ဆောင်းရာသီ ကာလတူနှိုင်းယှဉ်ပါက အအေးပေါ့လျက်ရှိကြောင်း၊ ဆောင်းကာလဖြစ်သောကြောင့် အေးရန်ရှိသေးသော်လည်း ဆက်တိုက်အေးခြင်းမဟုတ်ဘဲ အေးလိုက်၊နွေးလိုက် ဖြစ်နိုင်ကြောင်း ဆိုသည်။

“လေအေးကတော့တိုးနေတာပဲ။ ဒါပေမယ့် လေနွေးကို မနိုင်တဲ့အခါကြတော့ လေနွေးက ပိုပြီး အင်အားကောင်းနေတော့ နွေးလာတာပေါ့။ အဲဒီတော့ အအေးပေါ့တယ်။ မနှစ်ကတော့ အအေးဒီထက်ပိုတယ်။ ဒီနှစ်မှာ အနုတ်ပြအောင်အေးတာ ချင်းပြည်နယ် ဟားခါပဲရှိတယ်။ (-၅) အနုတ်ငါး အထိ ဖြစ်သွား ပြီး ချက်ချင်းပြန်လျော့တယ်။ ရှမ်းပြည်ဘက်မှာ မနှစ်က လွိုင်လင်တို့ ပင်လောင်းမြို့တို့မှာဆိုအခုချိန်မှာဆိုရင် (-၂) အနုတ်နှစ်လောက်ဖြစ်တယ်။ ဒီနှစ်ကတော့ အပူချိန်က ၅ ဒီဂရီစင်တီဂရိတ်၊ ၆ ဒီဂရီ စင်တီဂရိတ်လောက်ပဲ ရှိတယ်။’’ ဟု ၎င်းက ရှင်းပြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.