Connect with us

Environment, Disasters & Accidents

၂၀၂၀ပြည့်နှစ် တွင် ဧရာဝတီလင်းပိုင်သေဆုံးမှုနှင့် မွေးဖွားမှု ဆတူခန့်ရှိနိုင်ဟုဆို

ဧရာဝတီလင်းပိုင်တစ်ကောင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ ဧရာဝတီလင်းပိုင် သေဆုံးမှု ၈ ကောင်ခန့်ရှိပြီး ဧရာဝတီလင်းပိုင် မွေးဖွားမှုသည်လည်း ၈ ကောင်ခန့် ရှိကြောင်း ၊ ထို့ကြောင့်သေဆုံးမှုနှင့် မွေးဖွားမှု နှုန်းမှာ ဆတူခန့်ရှိနိုင်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ဆင်ဟွာသို့ ဇန်နဝါရီ ၁၄ ရက်တွင်ပြောကြားသည်။

ဦးမြင့်ဇင်ထူးက “၂၀၂၀ပြည့်နှစ်ထဲမှာဆိုရင် သေဆုံးနှုန်းနဲ့ မွေးတဲ့ နှုန်းက အတူတူလောက်ပဲ ရှိတယ်လို့ ခန့်မှန်းရတယ်။ အခု လက်ရှိ မှာ ဧရာဝတီလင်းပိုင်အရေအတွက်က ၇၀ ကျော်လောက်ရှိမယ် လို့ ကျွန်တော်တို့ စောင့်ကြည့်လေ့လာမှုတွေအရ သိရပါတယ်’’ ဟုဆိုသည်။

ဧရာဝတီလင်းပိုင်များသည် နှစ်စဉ် ၆ ကောင်နှင့် ၇ ကောင်ကြားသေဆုံးလေ့ရှိကြောင်း၊ သေဆုံးမှုများမှာ လူ့ပရောဂကြောင့်သေဆုံးခြင်းနှင့် သဘာဝအတိုင်း အသက်ကြီး၍ သေဆုံးခြင်းများဖြစ်ကြောင်း ဆိုသည်။ လူ့ပရောဂကြောင့် သေဆုံးခြင်းတွင် မျှောပိုက်များတွင် ငြိ၍ ရုန်းရင်းဖြင့် သေဆုံးခြင်း နှင့် လျှပ်စစ်ရှော့ခ်မိ၍ သေဆုံးခြင်းများဖြစ်ကြောင်း သိရသည်။

“ဧရာဝတီလင်းပိုင်တွေက သေတာရှိသလို၊ သေသလောက် လည်း ပြန်လည်မွေးဖွားခဲ့တာ ရှိတယ်။ ရှားပါးတန်ဖိုးရှိတဲ့ ဧရာဝတီလင်းပိုင်ထိန်းသိမ်းခြင်းကို ကျွန်တော်တို့ ဒီ ၂၀၂၁ ခုနှစ်ထဲမှာ အရင်နှစ်တွေ ထက်တိုးမြှင့်ဆောင်ရွက်သွားဖို့ရှိပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ ကင်းလှည့်စောင့်ကြည့်ခြင်းကို ယခင်က တစ်လ တစ်ကြိမ် စောင့်ကြည့်သည့် ရေကြောင်းခရီးစဉ်အတိုအား ၂၀၂၁ ခုနှစ် ဇန်နဝါရီလ မှ စ၍ တစ်ပတ်လျှင် တစ်ကြိမ် ကင်းလှည့်စောင့်ကြည့်သွားဖြစ်ကြောင်း ၊ ထို့ပြင် ဧရာဝတီလင်းပိုင် ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများလည်း ဆောင်ရွက်သွားရန်ရှိကြောင်း ဆိုသည်။

ဧရာဝတီလင်းပိုင်များသည် မန္တလေးမြို့နှင့် ဗန်းမော်မြို့ကြားရှိ မြစ်ကျောတစ်လျှောက်တွင် အဓိက သွားလာလျက်ရှိကြောင်း၊ ရေငံတွင်နေထိုင်သော ဧရာဝတီလင်းပိုင်များလည်းရှိကြောင်း သိရသည်။ (Xinhua)