Environment, Disasters & Accidents
လှည်းကူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးပေါ်ရှိ ကျူးကျော်တဲများအားလုံး ရှင်းလင်းမည်
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
လှည်းကူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးပေါ်ရှိ ကျူးကျော်တဲများ အားလုံးကို ရှင်းလင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင် ၃မှ မိုင်တိုင် ၅မိုင်အတွင်းရှိ မြေများပေါ်တွင် ဦးဆောင်သူ ရှစ်ဦးမှ စတင်ဝင်ရောက်ကျူးကျော်၍ ကျူးကျော်တဲ၊ အဆောက်အဦ လေးထောင်ကျော်ထိ ဆောက်လုပ်နေထိုင်မှုအား ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။အဆိုပါ ကျူးကျော်တဲများအား ယနေ့ ဇွန် ၁၂ ရက်နေ့တွင် စတင် ရှင်းလင်းလျက်ရှိပြီး နောင်ရက်များတွင်လည်း ဆက်လက်ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။
“ လူ၈ဦးက စကျူးတာ၊ အခုဆို ဒီမြေပေါ်မှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ စေတီတစ်ဆူ အခိုင်အမာတောင်ဖြစ်လာပြီ၊ ဒီမြေက သူတို့နဲ့ လုံးဝမသက်ဆိုင်ပါဘူး၊ စီးပွားဖြစ်အကွက်ရိုက် ရောင်းနေကြတာပါ”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ယနေ့ကျူးကျော်တဲများစတင်ရှင်းလင်းရာတွင် ကျူးကျော်သမားများနှင့်ရဲတပ်ဖွဲ့ဝင်များကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိသဖြင့် ကျူး ကျော်သမား ငါးဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်ကြောင်း အဆိုပါ ကျူးကျော်တဲများရှင်းလင်းရာနေရာသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။(Xinhua)