Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ် အရှိန်ကြောင့် ၄၈ နာရီအတွင်း မိုးကြီးနိုင်

ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နောက် ၄၈ နာရီအတွင်း တိုင်းဒေသကြီး/ပြည်နယ်များတွင် နေရာစိပ်စိပ် မှ နေရာအနှံ့အပြား ၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မုန်တိုင်းငယ်အခြေအနေ သတင်းထုတ်ပြန်မှု အရ သိရသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ် ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြစ်ရေရုတ်တရက် မြင့်တက် လာနိုင်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အကြံပြုထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း ၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တို့တွင် (၈)ပေမှ (၁၂)ပေခန့်၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် တွင် (၆)ပေမှ (၁၀)ပေခန့် ရှိနိုင်ကြောင်း သိရသည်။ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် ယနေ့မြန်မာစံတော်ချိန် ၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက် လျှက်ရှိကြောင်းသိရသည်။(Xinhua)