Connect with us

Environment, Disasters & Accidents

ပျက်ကျ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်၌ ပါဝင်သူ အရေအတွက် ထက်ဝက်ကျော် ရုပ်အလောင်းများ ရှာဖွေ တွေ့ရှိထား

ပျက်ကျ လေယာဉ်အား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

ပျက်ကျသွားခဲ့သည့် တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်၌ ပါဝင်သူ အရေအတွက်၏ ထက်ဝက်ကျော် အဖြစ် ရုပ်အလောင်း ၇၆ လောင်းအား ယနေ့ဇွန် ၁၂ ရက် နံနက် ၁၁ နာရီကျော် အချိန်ထိ ရှာဖွေ တွေ့ရှိထားကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။

လောင်းလုံကျွန်းအနီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသည့် တပ်မတော်စစ်ရေယာဉ် နှစ်စီးက ရုပ်အလောင်း ၃ လောင်း ၊ တပ်မတော်စစ်ရေယာဉ်မှ မောင်းမကန်ကမ်းခြေအနီး အမျိုးသားရုပ်အလောင်း ၁ လောင်း နှင့် မရင်းကြီးကျေးရွာအနီး ဖြန့်ခွဲနေရာချထားသည့် ရှာဖွေရေး လုပ်ဆောင်နေသည့် မြေပြင်တပ်များနှင့် ဒေသခံပြည်သူများက ရုပ်အလောင်း ၁၂ လောင်း ၊ တပ်မတော်စစ်ရေယာဉ်မှ မောင်းမကန်ကမ်းခြေအနီး ကလေးရုပ်အလောင်း ၁ လောင်း တို့အား ယနေ့နံနက်ပိုင်းတွင် ထပ်မံ ရှာဖွေတွေ့ရှိခဲ့သဖြင့် စုစုပေါင်းရုပ်အလောင်း ၇၆ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း သိရသည်။

တပ်မတော်သားများနှင့် မိသားစုများအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုသော တပ်မတော် သယ်ယူ ပို့ဆောင်ရေး လေယာဉ် (Y- 8 – 200 F အမျိုးအစား၊ လေယာဉ် အမှတ်- ၅၈၂၀) သည် စစ်သည်/ မိသားစု ၁၀၈ ဦး၊ လေယာဉ်အမှုထမ်း ၁၄ ဦး စုစုပေါင်း ၁၂၂ ဦး လိုက်ပါသွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ခဲ့မှုများ အရ သိရသည်။

ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ပင်လယ်ပြင်အတွင်း လှိုင်းအမြင့် ၂.၅ မီတာနှင့် လေတိုက်နှုန်း တစ်နာရီလျှင် ၁၅ မိုင်မှ မိုင် ၂၀ ကြားရှိသော်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် နေရာတစ်ဝိုက်တွင် လှိုင်းအမြင့် ၁.၅ မီတာနှင့် လေတိုက်နှုန်း တစ်နာရီလျှင် ၅ မိုင်မှ ၁၀ မိုင်သာရှိ၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ၊ ပျက်ကျလေယာဉ်အား ဆိုနာ စနစ်တပ်ဆင်ထားသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် နေရာဖြန့်ခွဲရှာဖွေလျက်ရှိကြောင်း သိရသည်။

တပ်မတော် သယ်ယူ ပို့ဆောင်ရေး လေယာဉ် (Y- 8 – 200 F အမျိုးအစား၊ လေယာဉ် အမှတ်- ၅၈၂၀) သည် ဇွန် ၇ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ် အချိန်တွင် ထားဝယ်မြို့၏ အနောက် တောင်ဘက် ၄၃ မိုင်ခန့်အရောက်၌ ထားဝယ်လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီး နောက်ပိုင်း ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်။(Xinhua)