Connect with us

Environment, Disasters & Accidents

အားကောင်းသော မုန်တိုင်းငယ်က ဟိုင်းကြီးကျွန်းအနီး ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်၍ အနီရောင်အဆင့်သတ်မှတ်

မုန်တိုင်းဖြတ်သန်းနိုင်သည့် လမ်းကြောင်းပြ မိုးဇလဂြိုဟ်တု ဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

အားကောင်းသောမုန်တိုင်းငယ်၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး ကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်၍ အနီရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊ အနီရောင်အဆင့်ဖြစ်သောကြောင့် မုန်တိုင်းဖြတ်သန်းမည့်နေရာတွင် နေထိုင်သူများ အနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မတ် ၂၂ ရက် နံနက် ၉ နာရီ တွင် ဖြေကြားခဲ့သည်။“မုန်တိုင်းအားကောင်းကောင်း၊မကောင်းကောင်း၊ အနီရောင်အဆင့်ဆိုတာနဲ့ ရှောင်ရှားဖို့ လိုအပ်ပြီ။ လိမ္မော်ရောင်အဆင့်ကကြိုတင်ပြင်ဆင်ရမယ့် အပိုင်းဖြစ်ပါတယ်။ အနီရောင်အဆင့်ရဲ့သဘောက အနီရောင်လို့ ထုတ်ပြန်ပြီး နောက် ၁၂ နာရီ အတွင်း မုန်တိုင်းက ဖြတ်သန်းနိုင်ပါတယ်။’’ ဟု ဦးလှထွန်းက ပြောသည်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊လပွတ္တာခရိုင်၊မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း(၈)ပေမှ (၁၂)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၎င်းအားကောင်းသော မုန်တိုင်းငယ်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးသို့ ဖြတ်သန်းစဉ် ဧရာဝတီတိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရကြောင်း ဦးလှထွန်းကဆိုသည်။

“မုန်တိုင်း ဖြတ်နေချိန်အတွင်း ပြည်သူများအနေနဲ့ လုံခြုံတဲ့နေရာမှာ နေဖို့လိုပါတယ်။ လုံခြုံတဲ့နေရာကနေ အပြင်မထွက်ဖို့ တိုက်တွန်းချင်ပါတယ်။ မုန်တိုင်းကြာချိန်က မုန်တိုင်းရဲ့ အဝန်းအဝိုင်းပေါ်မှာ မူတည်ပါတယ်။မုန်တိုင်းရဲ့ လက်ရှိအဝန်းအဝိုင်းအရ မုန်တိုင်း ဖြတ်သန်းချိန် ၄ နာရီ ကနေ ၆နာရီ လောက်အထိ ကြာနိုင်တယ်လို့တော့ ခန့်မှန်းရပါတယ်’’ ဟု ဦးလှထွန်းကဆက်ပြောသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ် ၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များ နှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်း ဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတိပေးချက်ထုတ်ပြန်ထားသည်။

ယင်းအားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၂၃.၃.၂၀၂၂)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက် ၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.