Environment, Disasters & Accidents
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီး အင်ဂျင်ခန်း ဂတ်(စ်)ပိုက်ပေါက်ကာ မီးလောင်မှုဖြစ်ပွား
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီး အင်ဂျင်ခန်း ဂတ်(စ်)ပိုက်ပေါက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်များထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ၁၇:၃၀ နာရီ အချိန် ဓနုဖြူမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်(၂၄/၁-၂)ကြား၌ ဟင်္သာတဘက်မှ မန္တလေးဘက်သို့ ထက်အောင်ကျော် (၃၅)နှစ်မောင်းနှင်ပြီး ခရီးသည် ၂၀ ဦးခန့်လိုက်ပါလာသော ဟင်္သာတ-မန္တလေးပြေးဆွဲသည့် 4J/×××× “ရာဇာအောင်” ခရီးသည်တင်မှန်လုံယာဉ်သည် အင်ဂျင်ခန်း ဂတ်(စ်)ပိုက်ပေါက်ကာ အင်ဂျင်ပေါ်သို့ကျ၍ ရုတ်တရက်မီးလောင်ကျွမ်းခဲ့ပြီး ၁၇:၅၀ နာရီအချိန်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါယာဉ်မီးလောင်မှုကြောင့် မော်တော်ယာဉ်တစ်စီးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ခရီးသည်များ ထိခိုက်မှုမရှိခဲ့ပါကြောင်းနှင့် ၁၉:၃၀နာရီ အချိန်တွင် ထက်အောင်ကျော်အား ကျောင်းစုနယ်မြေ ရဲစခန်း၊ (ပ)၁၀၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅(မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)